Tuesday, January 12, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ထပ်မံတွေ့ဆုံ

Tuesday, 12 January 2010 19:33 ကိုထွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဖြစ်သူများ ယနေ့ ထပ်မံတွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ခွင့်နှင့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်ခွင့် လျှောက်လဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သွားရောက် တွေ့ဆုံသည့် ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လည်၂ နာရီမှ ၄ နာရီ အထိ အချိန် ၂ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ပြင်ဆင်ခွင့် ရပ်ဆိုင်း ထားခြင်း ခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မြို့တော် စည်ပင်မှာ စာတင် ထားတယ်၊ ကန်ကွက် ချက်ဟာ ဘာလဲ ကျနော် တို့ကို မိတ္တူပေးပါ၊ ဒါမှ ကျနော်တို့လည်း ပြန်လည် ဖြေရှင်းလို့ ရမယ်၊ အဲဒီ ကန့်ကွက်ချက်ကို ကျနော်တို့ အချိန်အတိုင်း အတာ တခုအထိ စောင့်ဆိုင်း နေပါတယ်၊ ရရှိဖို့လည်း ဆောင်ရွက်မှာပါ” ဟု ပြောသည်။

နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒီဇင်ဘာလ ၂၃ ရက်က စတင် ကန့်ကွက်ထားမှုကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ် လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့်ရပ်ဆိုင်းခံထားရသော်လည်း ကန့်ကွက်စာကို ယခုအချိန်အထိ မရရှိသေးကြောင်း၊ ကန့်ကွက်ချက်ကို မရရှိပါက ယင်းအခြေအနေအပေါ်မှာပင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည့် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အယူခံမှု ၃မှု အတွက် ဥပဒေ အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံခဲ့သည်။

ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက်ပေး၍ အမိန့်ချမှတ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။


source by : http://www.irrawaddy.org