Wednesday, January 13, 2010

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ

ပေါက်ပေါက် / ၁၃ ဇန်န၀ါရီ ၂၀၁၀

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီ ရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည် ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။

၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ရသေးဘူး။ အဲဒါကို ဘယ်အချိန် ထပ်တွေ့မယ် ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြားလာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက်ဆွေးနွေး ချင်တယ်ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေးအရ မတွေ့နိုင်ဘူးလို့ဘဲ ပြန်ပြောထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ပြေလည်မှု မရရှိဘဲ ဒီဇင်ဘာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖဘက်က ရာဇသံပေးခဲ့သည်။



ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသအား ဝတပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝတိုင်းဒေသကြီးထဲထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်းအဆင့်တွင် နအဖစစ်တပ်ဘက်မှ ပါဝင်စရာမလိုဘဲ ဝစစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့်ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့်အတွက် ဝတပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခုအချိန်အထိ ပြေလည်မှုမရဘဲ ရှိနေသည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင်ကမ်းလှမ်းလာခဲ့ရာ ကချင်အထူးဒေသ (၁) ကချင်ဒီမိုကရေစီသစ်တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် ကယားပြည်နယ် အထူးဒေသ (၂) ကလလတတို့က မကြာသေးမီ လပိုင်းအတွင်း၌ နယ်ခြားစောင့်တပ်အသွင် ပြောင်းခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီးဖြစ်သည်။

ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့တို့ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ခြွင်းချက်မရှိ လက်ခံနိုင်ခြင်း မရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ် အဖွဲ့များအကြား ဆွေးနွေးနေသော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်နေသည်။

source by : http://www.khitpyaing.org