Wednesday, January 13, 2010

စစ်အစိုးရ၏ အာဏာလုယူရေးဝါဒ လက်မခံနိုင်ပုံ ဝ သတင်းစာမှာဖော်ပြ

2010-01-13 ( RFA )

အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ဖြစ်တဲ့ ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) အနေနဲ့ မြန်မာစစ်အစိုးရက အတင်းအကျပ် အာဏာလုယူဖို့ ကြိုးပမ်းချက်ကို လုံးဝ လက်မခံနိုင်ကြောင်း ဇန်နဝါရီလထုတ် ‘ယနေ့ ဝပြည် နယ်’ သတင်းစာက ရေးသားလိုက်ပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေပုံကို ၂ဝ၁ဝ ဇန်နဝါရီလထုတ် ‘ယနေ့ ဝပြည်နယ်’ ဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။ (Photo: Wa Today Journal)

မြန်မာစစ်အစိုးရက ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်မှာ ရှိတဲ့ ဝပြည် တောင်ပိုင်းကို အစိုးရလက် ပြန်အပ်ရေးနဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တရားဝင် ဝ အဖွဲ့ရဲ့သတင်းစာမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာဘာသာနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားလိုက်တာ ဖြစ်ပါတယ်။

မြန်မာဘာသာနဲ့ ‘ကျနော်တို့အိမ်ကို ကာကွယ်ကြ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးမှာ မြန်မာ စစ်အစိုးရက ဝ လူမျိုးတွေကို အသိအမှတ် မပြုခြင်းနဲ့ ဝ အမျိုးသားတွေကို ဝါးမျိုလိုခြင်းစတဲ့ စဉ်းစားနည်းဟာ ယုတ္တိ ကင်းမဲ့လှကြောင်း၊ ဝ တောင်ပိုင်းဒေသဟာ စစ်အစိုးရက စီစဉ် နေရာချထားပေးတာ မဟုတ်ပဲ ဝ အမျိုးသားတွေ သွေးချွေးနဲ့ တိုက်ယူရရှိထားတာ ဖြစ်ကြောင်း၊ ဦးခွန်ဆာရဲ့ဒေသဟောင်းဖြစ်ပြီး မြန်မာစစ်တပ်က မတိုက်နိုင်ခဲ့ တာကို သူတို့ တိုက်ယူရရှိခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုအခါမှာ ဝ နယ်ဒေသဟာ စီးပွားရေး၊ လူမှုရေး တိုးတက်နေပြီး မြန်မာအစိုးရက တခြားတိုင်းရင်းသား ပြည်သူတွေလို တံခါးပိတ်၊ နိုင်ငံချုပ်ကိုင်၊ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ အခြေအနေမျိုး ပြောင်းလဲဖို့ ကြိုးစားတဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတော် တိုင်းရင်းသားများအကြား ပြဿနာဖြေရှင်းရာမှာ ဘယ်လိုအကျပ်ကိုင်မှုမျိုးနဲ့ စစ်ရေးအရ နှိပ်ကွပ်ခြင်းမျိုးကို လက်မခံကြောင်း၊ ဘယ်သူမဆို ငြိမ်းချမ်းရေးကို ဖျက်ဆီးလာပါက လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းမှာဖြစ်ကြောင်း၊ ခေါင်းပြတ်ဗိုလ်ချုပ်ပဲ အဖြစ်ခံမှာဖြစ်ပြီး အမျိုးပြုတ်တဲ့ ကျွန်ဘဝ မဖြစ်လိုကြောင်း အတိအလင်း ရေးသားထားပါတယ်။

source by : http://www.rfa.org