Monday, November 16, 2009

ပြည်ပရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပ

ပြည်ပရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပ

2009-11-16 ( RFA )

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းကနေ ဦးဆောင်ပြီး နတ်တော်လဆန်း ၁ ရက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညသန်ခေါင်းယံကျော်ချိန်မှာ ကျရောက်မည့် ၂၁ဝ၄ ခုနှစ် နှစ်သစ် အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ ကစပြီး ဝပ်ဒ်ကုတောက် လို့ခေါ်တဲ့ ရှမ်းဘုန်းကြီးကျောင်းမှာ ၃ ရက်ကြာ ကျင်းပကြပါတယ်။


ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော ရှမ်းတိုင်းရင်းသားများ၏ ပွဲတော်တခုတွင် ရိုးရာဝတ်စုံဖြင့် ကလေးငယ်တဦးကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီရှမ်းနှစ်သစ်ကူးပွဲတော်မှာ ရှမ်းပြည်နယ်က နာမည်ကြီး ရှမ်းသီချင်း အဆိုတော် ၆ ယောက်က လာရောက် ဖျော်ဖြေခဲ့သလို ရှမ်းရိုးရာ ယဉ်ကျေးမှုတွေကို အခုခေတ်လူငယ်တွေ သိရှိစေဖို့ အတွက်ဆိုပြီး ရှေးဘိုးဘေး အစဉ်အဆက်က ရှမ်းဘုရင်စော်ဘွားတွေရဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ရပုံတွေကို ခင်းကျင်း ပြသထားတယ်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။

နန်းယဉ်စီလာ။ ။ 'နောက်ပြီးတော့ ကျွန်မတို့ ဒီနှစ်မှာ နောက်ထပ်တခု အစီအစဉ်ထပ်တိုးတာတော့ ကျွန်မတို့ exhibition ပေါ့နော်၊ ရှမ်းဓလေ့ရိုးရာ exhibition ထပ်ပြီးတော့ ဖြည့်ထားတာပေါ့နော်။ Exhibition ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ချူလာလောင်ကွန် ယူနီဗာစီတီမှာ သွားရှိုးခဲ့တဲ့ exhibition က ပြန်လာပြီး ဒီမှာ ရှိုးတာပေါ့နော်။ ပြခန်းသဘောပေါ့နော်၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု ပြခန်းထဲမှာ ရှိတာကတော့ ရှမ်းစာပေပေါ့နော်၊ ရှမ်းအစားအသောက်၊ ရှမ်းဝတ်စုံ၊ နောက်ပြီးတော့ ရှမ်းစော်ဘွားခေတ်က ဝတ်စုံတွေရယ်၊ စော်ဘွားရဲ့ပုံတွေ၊ စော်ဘွားနေထိုင်တဲ့ ဟော်နန်းပုံတွေ၊ နောက်ပြီးတော့ ရှမ်းပြည်မှာ တိုင်းရင်းသား ဘယ်နှစ်မျိုးနေထိုင်ကြတယ်၊ ရှမ်းတိုင်းရင်းဆေး၊ နောက်ပြီးတော့ ရှမ်းရိုးရာ ကုန်သည်ပေါ့နော်၊ အရင်ခေတ်က ဘယ်လိုမျိုး စီးပွားရေး လုပ်ကြတယ်၊ အဲလိုဟာတွေပေါ့နော်၊ ၁၂ မျိုးလောက် ရှိတယ်ရှင့်။'

ဒီရှမ်းနှစ်သစ်ကူးပွဲ ဖွင့်ပွဲကိုတော့ ချင်းမိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ နဲ့ ၁၉ မိနစ်မှာ လာရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး ဖွင့်ပွဲမှာတော့ ရှမ်းရိုးရာ ကိန္နိရီ ကိန္နိရာ အကတွေနဲ့ တိုးနယားအကတွေ ကပြခဲ့ကြသလို ရှမ်းဓားသိုင်းအက၊ တုတ်သိုင်းအကတွေနဲ့ ခေတ်သစ်အကတွေ ကပြကြပြီး ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့ အစီအစဉ်လည်း ထည့်သွင်းခဲ့ကြောင်း နန်းယဉ်စီလာက ဆက်ပြောပါတယ်။

နန်းယဉ်စီလာ။ ။ 'အခု ဒီ နှစ်သစ်ကူး ရာသီချိန်ကလည်း ကျွန်မတို့ ရှမ်းပြည်မှာ အထိမ်းအမှတ်တခု ရှိတာတော့ ကျွန်မတို့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့လလည်း ဖြစ်တယ်လေ။ ပထမဦးဆုံးလကို ကျွန်မတို့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမှာလည်း ကျွန်မတို့ ဂုဏ်ပြုထားတာ ရှိပါတယ်။ အများအားဖြင့် ရှမ်းစာဆိုတော်တွေက ဒီ နှစ်သစ်ကူးတဲ့အချိန်မှာ မွေးဖွားကြတယ်လေ။ နောက်ပြီးတော့ ဆုံးပါးတာလည်း ဒီနှစ်သစ်ကူးမှာပဲ ဆုံးပါးတဲ့အတွက် အားလုံးနီးပါး ဒီနှစ်သစ်ကူးအချိန်မှာ မွေးလို့ ကျွန်မတို့ အဲဒီလကို အထိမ်းအမှတ်အနေနဲ့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်ရှင့်။ ရှမ်းပြည်မှာဆိုရင်တော့ ကျွန်မတို့ ရှမ်းစာဆိုတော်တွေ ရေးခဲ့တဲ့ စာတွေကို တနေ့လုံ၊ တညလုံး ဖတ်မယ်၊ အဲလိုမျိုး ပွဲပေါ့နော်၊ စာဖတ်တာပေါ့နော်။'
အခုကျင်းပတဲ့ နှစ်သစ်ကူးပွဲဟာ ၈ ကြိမ်မြောက် ရှိခဲ့ပြီး ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။