Monday, November 16, 2009

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို

NEJ / ၁၆ နိုဝင်ဘာ ၂၀၀၉

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၅) ရက်၌ ကျင်းပသည့် ပထမအကြိမ် အာဆီယံ အမေရိကန် ထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။


မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ (၁၀) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်သည့် ညီလာခံတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနှင့်အမေရိကန် နိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးများ ထူထောင်သွားရန် ကမ်းလှမ်းထားကြောင်း၊ ဆက်ဆံရေးဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း သမ္မတအိုဘားမားက ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်းများစွာကြိုးစားခဲ့သည့် ပိတ်ဆို့အရေးယူမှုများနှင့် အပြုသဘောဆက်ဆံမှုများပါ မအောင်မြင်ခဲ့သည့်အတွက် မြန်မာခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ သို့သော် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခိုင်အမာမရှိသေးသရွေ့ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားမည်မဟုတ်ကြောင်းလည်း လက်ရှိအမေရိကန်အစိုးရ၏ ကမ်းလှမ်းချက်ကို သမ္မတအိုဘားမားက ထပ်မံအတည်ပြုပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်လည်း အမေရိကန်သမ္မတက တိုက်တွန်းခဲ့သည်။

အာဆီယံ- အမေရိကန် ညီလာခံအပြီး ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံရေး ထူထောင်ခဲ့သည့် အမေရိကန်၏ မူဝါဒကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ အမေရိကန်သမ္မတနှင့် အာဆီယံထိပ်သီးခေါင်းဆောင်များ သီးသန့်တွေ့ဆုံခြင်းသည် အာဆီယံထူထောင်ခဲ့သည့် (၄၂) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်ပိုင်းတွင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတို့အကြား ဆက်ဆံရေးမပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။