Monday, November 16, 2009

သံဃာတော် ၄ပါးအပါအဝင် ၁၃ ဦး အိုးဘိုထောင်ပို့

သံဃာတော် ၄ပါးအပါအဝင် ၁၃ ဦး အိုးဘိုထောင်ပို့

2009-11-16 ( RFA )

မန္တလေးတိုင်း မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း အကြောင်းပြချက် တစုံတရာမပြပဲနဲ့ ဖမ်းဆီးသွားခဲ့တဲ့ သံဃာတော် ၄ပါး အပါအဝင် လူ ၁၅ ဦးထဲက ကိုဖြိုးဝေလှတင့်ဟာ ပြီးခဲ့တဲ့လက ပြန်လွတ်ခဲ့ပြီး ကိုအောင်မျိုးလတ်ကိုတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ပြန်လွှတ်မပေးခင် ကိုအောင်မျိုးလတ်ကို ပြည်ပမီဒီယာနဲ့ အဆက်အသွယ် မလုပ်ဖို့ ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့ပုံနဲ့ စစ်ကြောရေးမှာ စစ်ဆေးခဲ့ပုံကို ဖမ်းဆီးထားသူတွေရဲ့ မိသားစုဝင်တဦးက RFA ကို ပြောပြပါတယ်။

မိသားစုဝင်။ ။ 'အောင်မျိုးလတ်က ထွက်လာတော့ မီဒီယာနဲ့ မပြောပါဘူးလို့ လက်မှတ်ထိုးခဲ့ရတယ်တဲ့။ ရိုက်တာနှက်တာတော့ မရှိဘူးတဲ့။ အိပ်ရေးတော့ ၃ ည ပျက်တယ်တဲ့။ အိပ်မယ်လုပ် အိပ်ပြီဆိုမှ လာလာနှိုးတာတဲ့။ သူ့ကို မန္တလေး တောင်ခြေ အက်စ်ဘီမှာပဲ အကုန်လုံး အဓိက စစ်တာ သူနဲ့ ကိုသူနဲ့ အဓိက စစ်တာ။ သူတို့က ထင်တာက ဒီလိုတဲ့၊ အောင်မျိုးလတ်က နောက်ကအထိုင်ပေါ့၊ ကိုသူက ရှေ့ထွက်လို့ဆိုပြီး သူတို့က ထင်ပြီးတော့ သူတို့က စစ်တာ နောက်မှ စစ်လိုက်တဲ့အခါကျတော့ မဟုတ်ပဲဖြစ်နေပြီးတော့ ဟိုဒင်းတဲ့၊ မင်းတို့လုပ်တာမှန်တယ်ပေါ့၊ မင်းတို့က သက်သက် အမြင်ကတ်လို့ ဂျောက်တွန်းခံရတာပေါ့ အဲဒီက အဲလိုပြောလိုက်တယ်တဲ့။ စစ်တာကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ဟိုဒင်းလေ အမေရိကန်က လာတဲ့ကောင်၊ ဒါနဲ့ ဆက်သလားတို့ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိတုန်း အဲဒါတွေ စစ်တာတဲ့။'

ကျန်နေတဲ့ ၁၃ ယောက်ကို အိုးဘိုထောင် ပို့လိုက်တယ်ဆိုတာ သိရတဲ့အတွက် အိုးဘိုထောင်ကို တနင်္လာနေ့တုန်းက ထောင်ဝင်စာ သွားတွေ့တဲ့အခါ တွေ့ခွင့် မပေးတဲ့အကြောင်း အဖမ်းခံရသူတွေရဲ့ မိသားစုဝင်က ဆက်ပြောပါတယ်။

မိသားစုဝင်။ ။ 'အကုန်လုံး အုပ်စုလိုက် အိုးဘိုမှာပဲ။ ကျနော်တို့ကတော့ တွေ့လို့မရဘူး၊ ပေးလို့တော့ရတယ်၊ ကျနော်တို့က တဆင့်ပေးရတာပေါ့။ တွေ့ခွင့်သွားတော့ ကျနော်က ဂိတ်ဝကို သွားတယ်လေ၊ သွားတဲ့အခါကျတော့ ကျနော့် အုပ်စု ဒီမှာများ ရောက်နေလား အဆက်သွယ်ပြတ်နေလို့ ဝင်ခွင့်ပြုပါလို့ ပြောတော့ သူတို့က လာတွေ့ပါလို့ အကြောင်းကြားမှ လာတွေ့ပါတဲ့။ တွေ့လို့လည်း မရသေးဘူးပေါ့၊ သူတို့မှာ ဒီထဲမှာရှိနေတယ်ဆိုတာ ပြောပိုင်ခွင့် မရှိဘူးလို့ အဲလို ပြောလိုက်တယ်။'

အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တဦး ပြောပြတာပါ။ အခုလောလောဆယ်မှာ မန္တလေးတိုင်းရုံး အထူးရဲတပ်ဖွဲ့က ဒုရဲမှူး သက်ဝေ ကိုယ်တိုင် မြင်းခြံမြို့မှာ ရောက်နေပြီး သံသယရှိတဲ့ လူငယ်တချို့ကို တယောက်ပြီးတယောက် အရင်က လှုပ်ရှားခဲ့ဘူးတာတွေကို ခေါ်ပြီး မေးမြန်းနေတယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။