Monday, November 23, 2009

ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ ဂျပန်ကြိုးပမ်းမည်

ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ ဂျပန်ကြိုးပမ်းမည်

2009-11-23 ( RFA )

မြန်မာစစ်အစိုးရက ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ရရေးကို ဂျပန်အစိုးရသစ်အနေနဲ့ အလေးပေးဆောင်ရွက် သွားမယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲမှာ ဂျပန် ဒု နိုင်ငံခြားရေး ဝန်ကြီး Mr. Tetsuro Fukuyama က ပြောကြားလိုက်ကြောင်း သိရပါတယ်။

တိုကျိုမြို့တွင် နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပသော ရွှေဂုံတိုင်ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တက်ဆုရို ဖုကုယာမ ဧည့်မှတ်တမ်း လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ ဝဲအစွန်မှာ နေအိမ်အကျယ်ချုပ် ချထားသော NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏သား၊ NLD (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦး၊ ခေါင်းပေါင်းဝါ ပေါင်းထားသူမှာ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ဖြစ်ပါသည်။ (Photo: Courtesy of NLD LA – Japan Branch)

ဂျပန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို အခုလို ဂျပန်ဝန်ကြီးတဦး တက်ရောက်တာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

NLD လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ က တာဝန်ယူကျင်းပတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို တိုကျိုမြို့က ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် Rengoရဲ့ အဆောက်အဦးခန်းမထဲမှာ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်မြန်မာနဲ့ နိုင်ငံခြားသံရုံးကကိုယ်စားလှယ် စုစုပေါင်း ၅ဝဝ ဝန်းကျင် တက်ရောက်ကြောင်း သိရပါတယ်။

နှီးနှောဖလှယ်ပွဲမှာ ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေ Giren လို့ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဋ္ဌနဲ့ အခြား ဂျပန်လွှတ်တော်အမတ်တွေ၊ AIPMC ခေါ် မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့က ထိုင်းနိုင်ငံလွှတ်တော်အမတ် Dr. Rachada DhnadirEk နဲ့ NCGUB အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းတို့လည်း ပါဝင်ပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နှီးနှောဖလှယ်ပွဲမှာ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Fukuyama က ဂျပန်အစိုးရသစ် အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောဆိုသွားတာကို NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက ပြန်ပြောပြပါတယ်။

ဦးသန့်ဇင်ဦး။ ။ 'သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်မယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်လည် စဉ်းစားနေတယ်၊ နောက် မစ္စတာ ဟာတိုးယာမ ကနေပြီးတော့ ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားလုံး ပူးပေါင်း ပါဝင်နိုင်တဲ့ဟာမျိုး ဖြစ်အောင် ကြိုးစားနေတယ် ဆိုတာလည်း ပြောပါတယ်။'

တိုကျို-ရွှေဂုံတိုင်ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲကို ကိုယ်တိုင်တက်ရောက် ဟောပြောဆွေးနွေးခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းက မြန်မာစစ်အစိုးရကသာ ဆက်ပြီး အာဏာရနေမယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေကို ခြိမ်းခြောက်လာမှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြောင်း ပြောဆိုပါတယ်။

ဦးခွန်မြင့်ထွန်း။ ။ 'ကျွန်တော် အဓိက မီးမောင်းထိုးပြခဲ့တာကတော့ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာဟာကျွန်တော်တို့ ပြည်တွင်းရေး ပြဿနာပဲ မဟုတ်တော့ဘူး၊ ဒေသတွင်း နိုင်ငံတကာ ပြဿနာ ဖြစ်လာပြီ ဆိုတာ အဓိက ကျွန်တော်တို့ ပြောခဲ့ပါတယ်။ တကယ်လို့ စစ်အာဏာရှင်စနစ်က ကျွန်တော်တို့ တိုင်းပြည်မှာ စိုးမိုးသွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု ဆိုတာဟာ ဘယ်လိုနည်းမှ မရှိနိုင်ဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ အနုမြူ ညူကလီးယား ပညာရပ်တွေကို ငြိမ်းချမ်းတဲ့ နည်းအတွက် အသုံးချမှာ မဟုတ်ဖူး။ စစ်လက်နက်အတွက် အသုံးချမှာ ဖြစ်တယ်ဆိုတာ အဓိက ထောက်ပြတယ်။ ဒီ နအဖ စစ်အုပ်စုဟာ ဒေသတွင်းမှာ ပိုပြီးတော့ မောက်မာလာမယ်၊ အထူးသဖြင့်ကျွန်တော်တို့ ဗမာပြည်က ထွက်တဲ့ ယူရေနီယမ်ကို သန့်စင်ပြီးတော့မှ မြောက်ကိုရီးယားနဲ့ နအဖ စစ်အာဏာရှင်တွေက ဂျပန်အပါအဝင် ဒေသတွင်း နိုင်ငံတွေကို ချိန်ရွယ်ခြိမ်းခြောက်ပြီ ဆိုရင် ကျွန်တော်တို့ အင်မတန်ကို စိတ်မကောင်း ဖြစ်ရမယ်ဆိုတာကို အဓိက ထောက်ပြပါတယ်။'

တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲအပြီးမှာ အချက်၃ ချက်ကို တောင်းဆိုခဲ့ပြီး၊ အဲဒီအထဲမှာ ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးဖို့ ၂ဝဝ၈ခုနှစ် အခြေခံဥပဒေကို မပြင်ပဲ စစ်အစိုးရက ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုကြဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲအကြောင်းနဲ့ပတ်သက်လို့ NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။