Wednesday, November 25, 2009

ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမဝင် သယ်ဆောင်မှုပုဒ်မ ထပ်တပ်

ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမဝင် သယ်ဆောင်မှု
ပုဒ်မ ထပ်တပ်


2009-11-25 ( RFA )


ရန်ကုန် မင်္ဂလာဒုံလေဆိပ်အဝင်မှာ အဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်အပေါ် နိုင်ငံခြားငွေကြေး တရားမဝင် ယူဆောင်လာမှုနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၇ လာမဲ့ သောကြာနေ့မှာ တရားလိုပြသက်သေတွေကို ခေါ်ယူစစ်ဆေးဖို့ ရှိကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

အစောပိုင်းမှာ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မ ၄၂ဝ လိမ်လည်မှု ပုဒ်မ ၄၆၈ စာရွက်စာတမ်းအတု သုံးစွဲမှု ပုဒ်မတွေ တပ်ထားပေမဲ့ အခုနောက်ဆုံး ကိုညီညီအောင်ကို ထပ်စွဲလိုက်တဲ့ ပုဒ်မကတော့ လေဆိပ်အဝင်မှာ အမေရိကန်ဒေါ်လာကို တရားဝင်မကြေညာပဲ လျှို့ဝှက်သယ်ဆောင်မှု ပုဒ်မပဲဖြစ်ကြောင်း ကိုညီညီအောင်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ကို မေးမြန်းနိုင်ဖို့ သူ့ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က ပြီးခဲ့တဲ့ စနေနေ့က အာဏာပိုင်တွေကို စာရေးသား တောင်းဆိုခဲ့ရာမှာ ဒီကနေ့ ကိုညီညီအောင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရကြောင်း ရှေ့နေဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'အဓိကက ညီညီအောင်ကို foreign exchange နိုင်ငံခြားငွေ လဲလှယ်ရေး ဥပဒေနဲ့ ထပ်ပြီး စွဲတင်တယ်လေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ညီညီအောင်နဲ့ကျွန်တော်တို့နဲ့ တေ့တေ့ဆိုင်ဆိုင် သူနဲ့ကို တွေ့ဆုံပြီးတော့ ဘယ်လိုဖြစ်တာလဲ၊ အဲဒါကို ဆွေးနွေးချင်တာနဲ့ ကျွန်တော်တို့ စာတင်လိုက်တယ်၊ စာတင်လိုက်တော့ ထောင်ကလည်း ခွင့်ပြုတယ်။'

အင်းစိန်ထောင်တွင်း ဒီကနေ့တွေ့ဆုံကြရာမှာ ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်တာ တွေ့ရကြောင်းနဲ့ အမှုရဲ့ ရှေ့အလားအလာ ဘယ်လိုရှိမယ်ဆိုတာ သူ့အနေနဲ့ ခန့်မှန်းပြောဆိုဖို့ခက်ကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ဟာ မြန်မာပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ ဝင်ရောက်လာတယ်ဆိုပြီး စစ်အစိုးရဖက်က စွပ်စွဲထားတဲ့အပြင် ၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ ယူဆခံရသူ တချို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။