Friday, September 18, 2009

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လုံခြုံရေးထူထပ်စွာချ

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လုံခြုံရေးထူထပ်စွာချ


အောင်ကျော်မိုး / ၁၈ စက်တင်ဘာ ၂၀၀၉


စက်တင်ဘာ (၁၈) ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့သည့် (၂၁) နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ရန်ကုန်တိုင်းတရားရုံးအတွင်း ယနေ့ စစ်ဆေးကြားနာနေချိန်တွင် တရားရုံးပြင်ပ၌ လုံခြုံရေး ထူထပ်စွာချထားကြောင်း မြို့ခံများက ပြောသည်။

မျက်မြင်တဦးက “ရန်ကုန်တိုင်း တရားရုံးအနားက မြို့တော်ခန်းမရှေ့မှာ လုံထိန်းကား (၁၂) စီး၊ ကွပ်ကဲရေးကား (၂) စီး တန်းစီပြီး အဆင်သင့်စောင့်နေတယ်။ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေ တင်ထားတဲ့ကားတွေပေါ်မှာ တချို့ ထိုင်စောင့်နေတယ်။ တချို့ကတော့ တရားရုံးနဲ့ မဟာဗန္ဓုလပန်းခြံဘက် ကားလမ်းတွေဘက် မျက်နှာမူပြီး လက်နက်တွေနဲ့ အဆင်သင့်ရပ်နေကြတယ်။ တိုင်းတရားရုံး အရှေ့တည့်တည့်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိပ်မတွေ့ရဘူး။ အရပ်ဝတ်နဲ့ စကားပြောစက်ကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပဲ တွေ့ရတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတရားရုံးသို့ အမှုရုံးချိန်းတခုအတွက် သွားသည့် ရှေ့နေတဦးကလည်း တိုင်းတရားရုံးသို့ဝင်သည့် စိစစ်ရေးကတ်ပြား ပုံစံအသစ်လုပ်ထားခြင်းကြောင့် ဝင်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရကြောင်း ပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ကြားနာစစ်ဆေးမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခွင့် မရသကဲ့သို့ သာမန်ပြည်သူများလည်း သွားရောက်နားထောင်ခွင့် မရဘူးကြောင်း ကိုယ်တိုင်သွားရောက်နားထောင်ရန် ကြိုးစားခဲ့သူ ပြည်တွင်းသတင်းအယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရက အကျယ်ချုပ်ချထားစဉ်ကာလအတွင်း သူမ၏ နေအိမ်ကို အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံယက်တော ကျူးကျော်ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဆိုသည့်အမှုဖြင့် စစ်အစိုးရက ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ ထောင်ဒဏ်အမိန့် မချမှတ်ခင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် ပြစ်ဒဏ်ကို တဝက်လျှော့ချပေးခဲ့ပြီး ကျန်သည့် ထောင်ဒဏ်ကိုလည်း ဆိုင်းငံ့ထားလိုက်ကာ နေအိမ်တွင် အကျယ်ချုပ်ဘဝဖြင့် ပြန်လည်နေထိုင်စေခဲ့ခြင်းဖြစ်သည်။

ယခု အဆိုပါ ထောင်ဒဏ် (၃) နှစ်ချလိုက်သည့် အောက်ရုံး၏အမှုကို တိုင်းတရားရုံးက အယူခံအမှုအဖြစ် လက်ခံစစ်ဆေးနေ ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏အယူခံအမှု စစ်ဆေးကြားနာရာ ရန်ကုန်တိုင်းတရားရုံးတဝိုက်တွင် လုံခြုံရေးများ ပိုမိုချထားသော်လည်း အခြားနေရာများတွင်မူ ပုံမှန်ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

တက္ကစီသမားတဦးက “ခါတိုင်း အရင်ရက်တွေကဆိုရင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ် စတဲ့နေရာတွေမှာ လုံထိန်းကားတွေ၊ ကွပ်ကဲရေးကားတွေ ချထားပေမယ့် ဒီနေ့မတွေ့ရဘူး” ဟု ပြောသည်။

မြို့ခံအချို့ကမူ လုံထိန်းကားများသည် နေ့ခင်းနှင့် ညနေပိုင်းတို့တွင် ပိုပြီး အင်အားပြတတ်ကြောင်း ပြောသည်။

အာဏာသိမ်း (၂၁) နှစ်ပြည့် ယနေ့ထုတ် သတင်းစာများတွင် စစ်အစိုးရက အကျဉ်းသား (၇,၁၁၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ သတင်းတပ်ဖွဲ့ အရာရှိတဦးကမူ ယခု လွှတ်ပေးလိုက်သူများထဲတွင် ယခင် ထောင်နှစ်ရှည်ချထားသည့် ထောက်လှမ်းရေးအရာရှိများနှင့် အကောက်ခွန်ဦးစီးဌာန အရာရှိများ အများဆုံးပါဝင်ကြောင်း၊ နိုင်ငံရေးသမားအနည်းငယ်သာ ပါမည်ဖြစ်ကြောင်း ပြောသော်လည်း မည်သူ ပါဝင်မည်ဆိုသည်ကိုမူ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိချေ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။