Saturday, September 19, 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ

19/09/2009

ယခုလပိုင်းအတွင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ)မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ဇနီး၊ “ဒေါ်မွှေးမွှေး” ကို ခေါ်ယူစစ် ဆေးခဲ့ပါတယ်။ ဒေါ်မွှေးမွှေးဟာရန်ကုန်မြို့တွင်း နေရာ(၅)နေရာမှာ၊ အလှပြင်ဆိုင် အမည်ခံ၍ ဝန်ထမ်းအမျိုးသမီးငယ် လေးများစွာဖြင့် အနှိပ်ခန်းများဖွင့်လှစ်ခါ၊ စီးပွားရေးလမ်းဖြောင့်ဖြူးနေသူတဦးပါ။အဆိုပါ အနှိပ်ခန်းများမှ၊ အမျိုးသမီးငယ်အချို့မှာ၊ အနှိပ်လုပ်ငန်းအပြင်၊ အခကြေးငွေယူပြီး၊ ကာမ အပျော်မယ်များအ ဖြစ်၊ အသုံးတော်ခံ နေကြရပါတယ်။ ဧည့်သည် အဝင်နည်းတဲ့ ရက်များမှာတော့၊ ဒေါ်မွှေးမွှေးက ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ၊ မြို့နယ်မှူး၊ စခန်းမှူးနဲ့ ရဲအရာရှိတို့၏ ဇနီးများကို၊ ဖုန်းဆက်ခေါ် အလှပြင်ခိုင်းလေ့ရှိပါတယ်။

ဆံပင်ညှပ်၊ ပေါင်းတင်၊ မျက်နှာချေးချွတ်စသဖြင့်၊ ဖိအားပေး လုပ်ဆောင်စေပါတယ်။ အထက်အရာရှိရဲ့ ဇနီးကို ကြောက်ရတဲ့အတွက်၊ အမြဲသွားရောက် အားပေးနေရတာကြောင့်၊ ငွေကြေး ထိခိုက်စေတဲ့အပြင်၊ ကျန်းမာရေးလည်း ထိခိုက်နေကြရပါတယ်။ သူတို့အချင်းချင်း တွေ့ဆုံပါက၊ အအေးမိကုန်ပြီ၊ H1N1 ဖြစ်တော့မယ် ထင်တယ်… စသဖြင့် နောက်ပြောင် ပြောဆိုလေ့ ရှိကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို မခံနိုင်တဲ့အဆုံး၊ အထက်အာဏာပိုင်တွေဆီ၊ တိုင်ကြားမှုဖြစ်ပွားရာက၊ အခုလို ဒေါ်မွှေးမွှေးကို၊ (စစစ)မှ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အလားတူ အနှိပ်သမ အမျိုးသမီးငယ်အချို့ကိုလည်း၊ (စစစ)မှ ခေါ်ယူ စစ်ဆေးခဲ့ပါ တယ်။

အဲဒီလို စစ်ဆေးစဉ် ကာလအတွင်း၊ အဆိုပါ အမျိုးသမီးငယ်များကို၊ (စစစ)မှ၊ ညှင်းပန်းနှိပ်စက်ပြီး၊ မတရားဖြောင့်ချက်ရ ယူခဲ့ပါတယ်ဆိုခါ၊ သက်ဆိုင်ရာ ရဲစခန်းမှာ၊ နာကျင်စေမှုဖြင့်၊ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။ (ခင်ပွန်းဖြစ်သူ ရဲမှူးကြီး ဝင်းနိုင်၏ အရှိန်အဝါကို အသုံးပြုပြီး၊ ဇနီးဒေါ်မွှေးမွှေးမှ အကြံပေးခဲ့တာလို့ပြောပါတယ်)

ဒီဖြစ်စဉ်ကို၊ ပြည်ထဲရေး ဝန်ကြီးဗိုလ်ချုပ်မောင်ဦး သိရှိသွားခါ၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့အား၊ ချက်ခြင်းဖမ်း ချုပ်ရန်၊ ရဲချုပ်ခင်ရီအား အမိန့်ပေးခဲ့ပါတယ်။ ရဲချုပ်ခင်ရီမှ ရဲမှူးကြီးဝင်းနိုင်အား၊ နေပြည်တော်သို့ ခေါ်ယူအမှုစစ်ဆေးခဲ့ ပြီး၊ ဇနီးဒေါ်မွှေးမွှေးအား ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့၊ ၄ရက်ခန့်က၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ၊ အသီးသီးထွက်ပြေး လွှတ်မြောက်သွားကြပါတယ်။ ဒီလို ထူးဆန်းစွာ ထွက်ပြေး လွှတ်မြောက်သွားရတာဟာ၊ ရဲချုပ်ခင်ရီရဲ့ စီစဉ်ပေးမှု မပါဘဲ မဖြစ်နိုင်ဘူးလို့၊ အတွင်းသိ ရဲအရာရှိများမှ သုံးသပ်ပြောဆိုနေကြပါတယ်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီရဲ့၊ အကျင့်ဖောက်ပြန်မှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြီး အကဲများအား၊ နောက်ကွယ် မှာပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုထားမှုတွေကို၊ ရဲမှူးကြီးဝင်းနိုင်မှ ဖေါ်ထုတ်ထွက်ဆိုမည်ကို၊ စိုးရိမ်တာကြောင့်၊ ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ယခုကိစ္စနှင့်ပါတ်သက်ပြီး၊ ဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ၊ ၎င်းအားအပြစ် ပုံချအရေးယူပါက၊ ရဲချုပ် ခင်ရီအနေဖြင့်၊ ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အတွင်းရေးများ၊ လဘ်စားမှုများ၊ ဖေါက်ပြန်မှုများကို၊ အထောက်အထား ခိုင်လုံစွာဖြင့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ တင်ပြတိုင်ကြားမယ်လို့ ၎င်းနှင့် နီးစပ်သူများထံမှ ကြားသိရပါတယ်။

နိုင်ငံတော်ရဲ့ မှုခင်းကြဆင်းရေးကို၊ အဓိက တာဝန်ယူထားကြသူတွေ ကိုယ်တိုင်၊ ၎င်းတို့အချင်းချင်း၊ မာဖီးယားဂိုဏ်း ခေါင်းဆောင်များသဖွယ်၊ ပြုမူကျင့်ကြံနေကြပြီး၊ အာဏာ အလွဲသုံးစား ပြုလုပ်နေကြတာတွေကို၊ ကြည့်ခြင်းအားဖြင့်၊ သာမာန် ပြည်သူပြည်သားများအပေါ်၊ ဘယ့်လောက် ကောက်ကျစ် ယုတ်မာနိုင်မလဲဆိုတာ၊ ပြည်သူပြည်သားတွေသိရှိ ကြမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်တော့၊ အထူးပြောဘို့ မလိုတော့ပါ။ တကမ္ဘာလုံးက သိရှိနေပြီးသားပါ။

ယခုကဲ့သို့ အာဏာအလွဲသုံးစားပြုပြီး၊ အမှန်တကယ် အရေးယူရမဲ့ကိစ္စများကို၊ မသိချင်ယောင် ဆောင်၍နေပါက၊ နောင် တချိန်မှာ ဖြစ်ပေါ်လာမဲ့တာဝန်ဟာ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်သာဖြစ်တယ်လို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ၊ အရာရှိကြီးများက ဝေဖန်ပြောဆိုလျှက်ရှိနေပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။

မှတ်ချက် ။ ။ http://www.ko-htike.blogspot.com မှ ကူးယူ မျှဝေပါသည်။