Wednesday, September 16, 2009

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု
သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား

မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၉


ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီးကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

“စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက်စော်ကားပြီး သံဃာတော်တွေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်အစိုးရအနေနဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရမယ်လို့ အသိပေးချင်ပါတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“တခြားမြို့ကြီးတွေမှာ မပြောနဲ့၊ ကျနော်တို့လို နယ်မြို့တွေမှာတောင် ကျေးရွာတွေကနေ မီးသတ် (၃) ယောက် မြို့ပေါ် ပို့ပေးရမယ်ဆိုပြီး မြို့နယ်မီးသတ်စခန်းမှာ လူစုပြီး စစ်သင်တန်းပေးတယ်။ နောက် ဘုန်းကြီးကျောင်းတွေ၊ သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းနေတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို မြို့နယ် မယက က တာဝန်ယူထားတယ်”ဟု တောင်တွင်းကြီးမြို့ခံတဦးက ပြောသည်။

ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖစစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီးဘုရားမှ ဆရာတော်အရှင်ဃောသိတကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များအပါအ၀င် ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။

အရှင်ပါရမီခန္တီက “ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ ဘုရားသားတော် အရှင်သူမြတ်တွေကို စော်ကားနေတဲ့ လုပ်ရပ်တွေပါပဲ။ ဘုရားသားတော်တွေကို စော်ကားနေတာဟာ မြတ်စွာဘုရားရှင်ကို စော်ကားနေတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ်ကြီးဟာလည်း ကိုယ်ထင်ရာစိုင်းပြီး လုပ်နေတဲ့အတွက် တရားမျှတမှု မရှိကြောင်း သက်သေပြနေတာပါပဲ” ဟု မိန့်သည်။

မြို့နယ်သံဃာ့နာယက၊ မယက၊ ရဲမြို့နယ်မှူး၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သတင်းတပ်ဖွဲ့မှူး၊ စရဖ၊ နယ်ထိန်းနှင့် ကျောင်းထိုင် ဆရာတော်အချို့ပါဝင်သော သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို နအဖစစ်အစိုးရက ဖွဲ့စည်းနေကြောင်းလည်း အရှင်ပါရမီခန္တီက မိန့်သည်။

ယခုရက်ပိုင်းများအတွင်း သံဃာ့လှုပ်ရှားမှုများအားစောင့်ကြည့်ရန် နအဖစစ်အစိုးရက စွမ်းအားရှင်များ စုဆောင်းနေပြီး ၎င်းတို့အတွက် ကုန်ကျစရိတ်ကို တရားမ၀င်လုပ်ငန်းရှင်များထံမှ တောင်းယူနေသည်ဟု မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။

၎င်းက “လုံခြုံရေးကို ကျွေးဖို့ ရန်ပုံငွေကို ပြင်ဦးလွင်အတက်လမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ချဲဒိုင်တွေ၊ ရဲသိပ္ပံ နားမှာရှိတဲ့ အနှိပ်ခန်းတွေဆီကနေ တဆိုင်ကို အနည်းဆုံး (၅) သောင်းကနေ (၃) သိန်းအထိ တောင်းနေတယ်” ဟု ပြောသည်။

မန္တလေးမြို့ရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ မိုးတားတိုက်၊ မန္တလေးတောင်ခြေ၊ မန္တလေးတက္ကသိုလ်အနီးတ၀ိုက်နှင့် သံဃာ့တက္ကသိုလ်တို့အနီးတွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေးတင်းကျပ်မှုများရှိသော်လည်း သံဃာတော်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်ကြားသည်။

“ဦးဇင်းတို့ ရှေ့ဆောင်ဆရာတော်တွေဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးတိလောကဉာဏ-ပီ-ကေ၊ အရှင်ဂမ္ဘီရတို့လို သံဃာအာဇာနည်တွေ ဆောင်ရွက်သွားတဲ့ လမ်းစဉ်တွေအတိုင်း မြန်မာပြည်ကြီး စစ်ဘီလူးများလက်မှ လွတ်မြောက်အောင် ဘုရားသားတော် သံဃာတော်တွေမှ ဆောင်ရွက်နေတာကို မြန်မာပြည်အတွင်းရှိ တိုင်ရင်းသားပြည်သူများအားလုံးမှ သံဃာ့ကံဆောင်သပိတ်ကို အမျိုးသားရေးလှုပ်ရှားမှုကြီးအသွင်ဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း ပြည်တွင်းရှိ သံဃာတွေကိုယ်စား မိန့်ကြားအပ်ပါတယ်” ဟု အရှင်ပါရမီခန္တီက မိန့်သည်။

၂၀၀၇ ခု စက်တင်ဘာ ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွင် သံဃာတော်များအား စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး သံဃာတော်နှင့် သီလရှင်များအား ဖမ်းဆီးထောင်ချခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။