အခုညနေ နောက်ဆုံးထပ်ရတဲ့ သတင်းအရ ဆန္ဒပြနေတဲ့ သံဃာတော်တွေဟာ မဟာမြတ်မုနိဘုရားကြီးဝင်းကနေ မစိုးရိမ်တိုက်ဟောင်းကို ဒီညနေ ၄ နာရီလောက်မှာ ရွှေ့သွားကြပြီ ဖြစ်ပါတယ်။
မစိုးရိမ်ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်အရ ရွှေ့သွားတာလို့ ဆန္ဒပြ သံဃာတော်တွေကို အားပေးတဲ့ ပရိသတ်ထဲက တယောက်က ပြောပါတယ်။
သံဃာတော်တွေက ပရိသတ်ကို ရွှေ့ရတဲ့အကြောင်း ရှင်းပြသွားပါတယ်။ “မစိုးရိမ်တိုက် ရောက်ရင် ကြိုက်သလောက် ဟောပြောပါ၊ အခုနေရာက မသင့်တော်ဘူး”လို့ ဆရာတော်က မေတ္တာရပ်ခံတာကြောင့်လို့ ဆိုပါတယ်။
ဆန္ဒပြသံဃာတော်တွေကို အားပေးတဲ့ ပရိသတ်က မနက်ကထက် ပိုများလာပြီး ထောင်ချီရှိတယ်လို့ ခန့်မှန်းတယ်လို့လည်း မန္တလေးဒေသခံက ပြောပါတယ်။
သံဃာတော်တွေ မစိုးရိမ်တိုက်ဘက်ကို ကားနဲ့ပြောင်းရွှေ့တဲ့အခါ ပရိသတ်က လည်း လိုက်သွားကြပါတယ်။
ဒီညနေ ၃ နာရီမှာ လာမယ်ဆိုတဲ့ တိုင်းဝန်ကြီးချုပ် ရောက်လာတယ်လို့တော့ မကြားရသေးပါဘူး။
source by : http://burmese.dvb.no