Wednesday, October 27, 2010

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်

ရဲရင့် | လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။

“ပြည်တွင်းမှာဖမ်းမိတဲ့ လက်နက်ခဲယမ်းအားလုံး နီးပါးက ထိုင်းနယ်စပ်ကနေ ၀င်လာတာများတယ်။ အထူးသဖြင့် မဲဆောက်-မြ၀တီနယ်စပ်က ဖြစ်တယ်၊ ဒီဂိတ်တွေအားလုံး ရွေးကောက်ပွဲပြီးရင်တော့ ပြန်ဖွင့်နိုင်ချေရှိပါတယ်” ဟုလည်း အဆိုပါ ခရိုင်တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့်သတင်းကို ယမန်နေ့ညက မြန်မာ့ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကိုဝေလင်းဇင်နှင့် ကိုခင်ကျော်တို့က စေလွတ်လိုက်သည့် လူများဖြစ်သည်ဟု သတင်းထုတ်လွှင့်ခဲ့သည်။

နအဖ၏စွပ်စွဲခြင်းခံရသူ (ABSDF) အဖွဲ့မှ ကိုခင်ကျော်က “ဒီလိုကိစ္စတွေဖြစ်တိုင်း စွပ်စွဲတာတွေက ထူးခြားဖြစ်စဉ်တော့ မဟုတ်ပါဘူး၊ ကျနော်တို့နဲ့ကတော့ လုံးဝဆက်စပ် ပတ်သက်မှု မရှိဘူး။ ဒီလိုဖြစ်ရပ်တွေမှာ နအဖကိုယ်တိုင်က ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုအဖမ်းခံရတဲ့လူတွေ အထဲက မင်းမင်းထွန်းဆိုရင် လက်ရှိ စရဖက တပ်ကြပ်တဦး ဖြစ်တယ်။ အောင်မျိုးသူဆိုရင်လည်း လက်ရှိ အင်းတိုင်ပင်မ စစ်လက်နက်ပစ္စည်းစက်ရုံက တပ်ကြပ်ကြီးဖြစ်တယ်။ ဒီကိစ္စမှာ သူတို့လူတွေကိုယ်၌က ပါတယ်ဆိုတော့ တပ်နဲ့ပြည်သူပေါင်းပြီး လုပ်တဲ့ကိစ္စလို့တောင် သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တခုတည်းကိုသာ ပိတ်ရန် နေပြည်တော်က အမိန့်ပေးခြင်းဖြစ်ပြီး အခြား နယ်စပ်ဂိတ်များဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ နယ်စပ်များ ပါရှိခြင်း မရှိကြောင်း မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီး တဦးဖြစ်သူ ဦးဟာမက်က “ထိုင်းဖက်ကိုတော့ မနက်ဖြန်ကစပြီး အကုန်ပိတ်မယ်လို့ သိရတယ်။ ကျန်တဲ့နယ်စပ်တွေတော့ မပိတ်ဘူးလို့ သိရတယ်။ ဒါပေမယ့် ပိတ်ပိတ် မပိတ်ပိတ် ဒီရွေးကောက်ပွဲ ကာလမှာကတော့ ဘာမှလုပ်လို့မရဘူးဆိုတာ ကုန်သည်တွေသိကြပါတယ်”ဟု ပြောသည်။

ထိုင်းနယ်စပ်ဂိတ်များ အားလုံး မနက်ဖြန်တွင် ပိတ်မည်ဟုသိရသော်လည်း ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကိုမူ မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ထားသည်မှာ (၃) လခန့်ရှိပြီ ဖြစ်သည်။

ယခုလ (၂၈) ရက်နေ့တွင် စတင်ပိတ်မည့် ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှာ မယ်ဆိုင်-တာချီလိပ်၊ ရနောင်း-ကော့သောင်း၊ မဲဆောက်-မြ၀တီ၊ မဲဟောင်ဆောင်ဂိတ်၊ ဘုရားသုံးဆူဂိတ်များ အပါအ၀င် ဂိတ်အကြီးအသေး (၁၀) ခုခန့်ရှိသည်ဟု သိရသည်။

source by : http://www.khitpyaing.org