Tuesday, October 26, 2010

မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြုတ်ခိုင်း


ဝီရ | ပါတီ တရားဝင်ခြင်း မရှိတော့ဟု အကြောင်းပြ၍ မြို့များ၌ ချိတ်ဆွဲထားသော မွန်ပြည်သစ်ပါတီရုံး ဆိုင်းဘုတ်များကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြုတ်ခိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန်နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ်မပြုတော့ဘူးဆိုတာ ပြလိုက်တာပါပဲ” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှလွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။

“မွန်ပြည်သစ်ကို မတရားအသင်းလို့ အတိအလင်း ကြေညာတာ မရှိသေးပါဘူး။ ကျန်ခဲ့တဲ့ ရုံးတွေကို သိမ်းတာလည်း မရှိသေးပါဘူး။ စစ်ရေးအရ နှစ်ဖက်အခြေအနေ တင်းမာလာတာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို အခုလို ဖြုတ်ဖို့ ပြောလာတော့ အခြေအနေက အဆိုးဘက်ကို ဦးတည်သွားတယ်လို့ မြင်ပါတယ်” ဟု အထက်ပါ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ပြောသည်။

မြို့ပေါ်ရုံးများကို စောင့်ရှောက်နေသူများအား ခြိမ်းခြောက်ခြင်း၊ နှင်ထုတ်ခြင်း မရှိသော်လည်း အဆိုပါ ရုံးများသို့ လာရောက်တည်းခိုသူများအား ဧည့်စာရင်းတိုင်ကြားရန် သက်ဆိုင်ရာ အာဏာပိုင်တို့က ပြောကြားထားကြောင်းလည်း သိရသည်။

မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက “တိုက်ဆိုင်တာ တခုက မဲရုံကိုမသွားဘဲ သပိတ်မှောက်ဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ပယ်မဲတွေ ဖြစ်အောင် လုပ်ပြီး ဒီရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ ပါတီက ကြေညာချက် ထုတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အာဏာပိုင်တွေက ဒီလိုလုပ်လာတာပဲ” ဟု ပြောသည်။

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိ ပြည်သူများသည် လာမည့် နိုဝင်ဘာ (၃) ရက်နေ့မှစ၍ ကြိုတင်မဲထည့်နိုင်ကြောင်း၊ မဲထည့်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း စစ်အစိုးရ အာဏာပိုင်တို့၏ ကမ်းလှမ်းမှုကို ပါတီက အဆိုပါ ကြေညာချက်ဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယင်း ခရိုင်ကော်မတီဝင်က ပြောသည်။

ကြေညာချက်တွင် “မိမိတို့အခွင့်အရေးဟု ယူဆ၍ မိမိတို့စိတ်ကြိုက် မဲပေးခြင်းကိုမူ မွန်ပြည်သစ်ပါတီအနေဖြင့် ဟန့်တားခြင်း ပြုမည်မဟုတ်ကြောင်း” ပါရှိသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဌာနေပြည်သူ့စစ် လက်ခံ မခံဆိုသည်ကို စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်၊ ထိုသို့လက်မခံပါက နဂိုမူလအတိုင်း လက်နက်ကိုင်သောင်းကျန်းသူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း စစ်အစိုးရဘက်က သတိပေးခဲ့သည်။

ထို့နောက် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ မြို့ပေါ်ရုံးတာဝန်ခံများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း၌သာ နေထိုင်ကြရန် ၎င်းတို့၏ ပါတီဝင်များကို အမိန့်ထုတ်ထားသည်။ ရန်ကုန်မြို့ရှိ မွန်ပြည်သစ်ရုံးများကိုမူ နှစ်ဖက်အခြေအနေ တင်းမာခဲ့သည့် ယခုနှစ် ဧပြီလကုန်ပိုင်းကတည်းက ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက်မှ တခုဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကိုလည်း ယခုလ (၁၃) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရသတင်းစာများက သတင်းဖော်ပြရာတွင် “ကေအိုင်အေ သောင်းကျန်းသူ” ဟု သုံးနှုန်းရေးသားခဲ့သည်။

source by : http://www.khitpyaing.org