Saturday, December 20, 2008

ကျောင်းသားနဲ့ နိုင်ငံရေး

ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။

“စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။

တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။

ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။

ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။

အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကို ကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။

ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။

“အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ)

ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။


မောင်စွမ်းရည် (၁၅-၁၂-၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။