Friday, December 25, 2009

ဒေါ်အောင်ဆန်းစုကြည် က စိတ်ရင်းစေတနာ မှန်ပြီးသားပါ


ဒေါ်အောင်ဆန်းစုကြည် က စိတ်ရင်းစေတနာ မှန်ပြီးသားပါ

မောင်သြ
၂၅ ဒီဇင်ဘာ ၂၀၀၉

၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။

ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။

စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။

နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါး ရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။

အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချ ခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။

အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။

ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …

နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသား တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။

၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…

အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။

ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။

“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင် ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။

ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …

“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီး ထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…

မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။

ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။