Wednesday, December 23, 2009

စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင်


စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့်
ဖိအားပေးနိုင်

2009-12-23 (RFA )

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်တွေကို မြန်မာစစ်အစိုးရအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် သမ္မတ အိုဘားမား အစိုးရအနေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတခု ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမား။ (Photo: AFP)

အဲဒီ ဖိအားပေးမှုကတော့ မြန်မာစစ်အစိုးရ ရရှိမဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို နိုင်ငံတကာ ဘဏ်တွေကနေ ထုတ်ယူလွှဲပြောင်းလို့ မရအောင် ချုပ်ကိုင်မဲ့ နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ အစိုးရအနေနဲ့ ဒီလိုထပ်ပြီး အရေးယူမဲ့ စဉ်းစားချက်မျိုး ရှိတယ်၊ အခုတော့ စောင့်ကြည့်နေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ဘဏ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒီလိုအရေးယူ ဆောင်ရွက်မှုမျိုး သမ္မတအိုဘားမားကို လုပ်စေချင်တဲ့အပေါ် အထက်လွှတ်တော်ကလည်း အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့် ပြုထားပြီးပြီးလို့ ဆိုပါတယ်။

ဒီအစီအစဉ်တွေ အမေရိကန်အစိုးရမှာ ရှိပြီးသား ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။

ဦးအောင်ဒင်။ ။ 'ဒီ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးမှုတွေက အောင်မြင်မှု မရခဲ့ဘူး၊ နအဖ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုလို့ရှိရင် ဒီလက်ရှိ စီးပွားရေး ပိတ်ဆို့မှုတွေကိုပဲ ခိုင်မာအားကောင်းအောင် လုပ်ဖို့ဆိုတာ စီမံချက် ရှိပါတယ်။ အဲဒီ အဓိက စီမံချက်ကတော့ ဒီ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဆက်ပြီးတော့ ဒီ နအဖရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေကို ဆက်ပြီးတော့ ရှာဖွေဖော်ထုတ်နေတယ်၊ သူတို့ရဲ့ ပြည်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပမှာ အပ်နှံထားတဲ့ ငွေကြေး၊ ဘယ်နိုင်ငံခြားဘဏ်တွေမှာ ဘယ်လောက် ငွေကြေးပမာဏကို ဘယ်လို account နဲ့ အပ်နှံထားတယ်ဆိုတာကို ဆက်ပြီးတော့ စုံစမ်းဖော်ထုတ်နေဆဲပါ။ တချိန်မှာ တကယ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ အောင်မြင်မှု၊ တိုးတက်မှု မရှိဘူးဆိုလို့ရှိရင်တော့ လိုအပ်သလို ဆက်ပြီး အရေးယူဖို့ အစီအစဉ် ရှိပါတယ်။'

အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံညှိနှိုင်းခဲ့သလို စစ်အစိုးရအနေနဲ့ လိုက်လျောမှုတွေ လုပ်လာဖို့ အချိန်ပေးလိုတယ်ဆိုတာလည်း ပြသထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံမှုမှာ ဘဏ်စနစ်နဲ့ပတ်သက်ပြီး အရေးယူ ပိတ်ဆို့တဲ့ကိစ္စဟာ အချိန်ကြာမြင့်တတ်သလို တန်ဖိုးကြီးကြီးလည်း ပေးရတတ်ပြီး၊ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာဖဂန်နဲ့ အီရန်အရေးကို ဦးစားပေးနေရတဲ့အတွက် မြန်မာ့အရေးကတော့ ထိပ်ဆုံးမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် ဘဏ္ဍာရေးဌာနကတော့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရက ကိုယ့်ပြည်သူကို အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်သူ စီးပွားရေးသမား အယောက် ၄ဝ နဲ့ သူတို့နဲ့ အပေါင်းပါ ၄၄ ဦးကို အရေးယူပိတ်ဆို့ထားသလို ၂ဝဝ၈ ခုနှစ်မှာလည်း ဘဏ်စနစ်ဆိုင်ရာ အရေးယူပိတ်ဆို့မှု ဥပဒေ ထပ်မံ သက်တမ်းတိုးထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။