Thursday, December 24, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံဆွေးနွေး

2009-12-24 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့အကျိုးဆောင် ရှေ့နေလေးဦးက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဗဟိုတရားရုံးက လက်ခံလိုက်တဲ့ ပြင်ဆင်မှု လျှောက်လဲချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက် ဒီကနေ့ နေ့လည်ပိုင်းက တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီးများ ဖြစ်သော ဦးကြည်ဝင်း (ဝဲ) နှင့် ဦးဉာဏ်ဝင်း (ယာ) တို့ကို တိုင်းတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအယူခံတင်သော စက်တင်ဘာ ၃ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

တွေ့ဆုံခဲ့တဲ့ ရှေ့နေ ၄ ဦးထဲက တဦးဖြစ်သူ ဦးကြည်ဝင်းက RFA ကို အခုလို ပြောပြပါတယ်။

ဦးကြည်ဝင်း။ ။ 'အဓိက ဆွေးနွေးတာတော့ အန်ကယ်တို့ အခု အဲဒီ အစိုးရက တက်တဲ့ ပြင်ဆင်မှုအတွက် အန်ကယ်တို့ လိုက်ပါဖို့ရာ အသီးသီး၊ အသီးသီး ရှေ့နေ ကိုယ်စားလှယ် စာ လိုတာပေါ့ဗျာ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ရှေ့နေ ကိုယ်စားလှယ် စာ ပေးတယ်။ ခင်ခင်ဝင်းတို့ကလည်း ကိုလှမျိုးတို့၊ ဒေါ်ခင်ဌေးကြွယ် တို့ကို ရှေ့နေကိုယ်စားလှယ် စာ ပေးတယ်။'

ဒီလိုတွေ့ဆုံရာမှာ အစိုးရဖက်က ပြင်ဆင်မှု လျှောက်လဲခဲ့တဲ့အချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါေ ပးခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းပပတို့ရဲ့ ပြင်ဆင်မှုလျှောက်လဲချက်တွေနဲ့ တရားလို စစ်အစိုးရဖက်က ပြင်ဆင်မှုလျှောက်လဲချက် သုံးခုစလုံးကို ဗဟိုတရားရုံးက ဒီဇင်ဘာလ ၂၁ ရက်နေ့က လက်ခံခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာကို ရန်ကုန်တိုင်းတရားရုံးကနေ ပယ်ချခဲ့ပေမဲ့ စီရင်ချက်မှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုခွင့် မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ပါရှိနေပါတယ်။ ဒါကို တရားလိုဖက်က မကျေနပ်တဲ့အတွက် ပြင်ဆင်လျှောက်လဲချက်အနေနဲ့ ဗဟိုတရားရုံးမှာ တင်သွင်းတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကလည်း ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ထိန်းသိမ်းတာ ဖြစ်တယ်လို့ စစ်အစိုးရရဲ့ လျှောက်လဲချက်ကို ရုပ်သိမ်းပေးဖို့ အဓိက တင်ပြနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ပြန်လည် ပြုပြင်နေတာကို စည်ပင်သာယာ က ပြင်ဆင်ခွင့် ပေးထားပြီး ဖြစ်ပေမဲ့ အမွေဆိုင်ဖြစ်သူ အစ်ကို ဦးအောင်ဆန်းဦးက ကန့်ကွက်တာကြောင့် ဆက်လက် မပြုပြင်ဖို့ ဒီဇင်ဘာ ၂၃ ရက် မနေ့က လာရောက် တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက ခုလိုပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'သူ့အစ်ကို အောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်၊ ရှေ့နေ ဟန်တိုးက သွားပြီး စည်ပင်မှာ ကန့်ကွက်တယ် ပြောတယ်။ အခုတော့ ရပ်ဆိုင်းထားတယ်။'

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရောက်တဲ့အခါမှာလည်း ဗိသုကာနဲ့ လက်သမားတွေ လာရောက် ပြုပြင်နေတာ မတွေ့ခဲ့ရဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။

၂ဝဝ၈ မေလက တိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ပျက်စီးမှုအများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် ပြန်လည်ပြင်ဆင်ခွင့်ရဖို့ လွန်ခဲ့တဲ့ လတွေကတည်းက သက်ဆိုင်ရာကို ဒေါ်အောင်ဆန်းစုကြည်က အကျိုးဆောင် ရှေ့နေတွေကတဆင့် တင်ပြခဲ့တာပါ။

ခုလိုအိမ်ပြင်ဆင်ရခြင်းဟာ နေအိမ်ပျက်စီးနေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအရ လိုအပ်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ မြို့တော် စည်ပင်သာယာကနေ ပြန်လည်ပြုပြင်ခွင့် ပေးခဲ့တာကြောင့် အပေါ်ထပ်ရှိ ဝရန်တာမှာ အုတ်စီ၊ အခန်းဖွဲ့တာတွေ စတင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်အမိုးအကာ ပေါက်ပြဲနေတဲ့အတွက် မိုးရေယိုတာကနေ သိရပါတယ်။

အခုလို အိမ်ပြင်ဆင်နေတာကို စည်ပင်သာယာက လာရောက် တားမြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရုပ်သိမ်းပေးဖို့ အကျိုးဆောင် ရှေ့နေတွေဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြမယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။