Friday, December 25, 2009

ကိုညီညီအောင် ထောင်တွင်း နှိပ်စက်ခံရမှု ပြည်တွင်းရှေ့နေများ တင်ပြခွင့်မရ


ကိုညီညီအောင် ထောင်တွင်း နှိပ်စက်ခံရမှု ပြည်တွင်းရှေ့နေများ
တင်ပြခွင့်မရ

2009-12-25 ( RFA )

အင်းစိန်ထောင်မှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ထိန်းသိမ်းအကျဉ်းချထားတဲ့ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို အာဏာပိုင်တွေက နှိပ်စက်ညဉ်းပန်းမှုတွေ ရှိနေတယ်လို့ မိသားစုနဲ့ဝါရှင်တန်အခြေစိုက် ရှေ့နေတွေက ကုလသမဂ္ဂကိုတိုင်ကြားထားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို ပြည်တွင်းရှေ့နေတွေအနေနဲ့ အရေးဆို တင်ပြခွင့်မရဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေနဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ဦးဥာဏ်ဝင်း။ ။'အခုဆိုရင် ကိုညီညီအောင် Hunger Strike လုပ်တဲ့ သတင်းတွေကြားလာတယ်။ ကိုယ်တိုင် ကျနော်တို့ မသိဘူး။ ဒါပေမယ့် ဒါကို သိအောင်အတွက် ကျနော်တို့ တရားဝင် စာတင်ပြီးတော့ အကျဉ်းဦးစီးဌာနကို စာတင်တယ်။ ကျနော်တို့ ပြန်ကြားမှု မရဘူး။ အဲဒီတော့ အခြေအနေက ဘာပြောချင်တာလဲဆိုတော့ တကယ်တမ်း Torture ရှိမရှိဆိုတာ ကျနော်တို့မှာ သိခွင့်မရှိတဲ့ အခြေအနေမျိုးရှိတယ်ဆိုတာ ကျနော် ပြောချင်တယ်'

ဒီအမှုအတွက် ကာယကံရှင် ကိုညီညီအောင်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်အကျဉ်းဦးစီးဌာနကို တင်ပြတောင်းဆိုမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အရာရှိတဦးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က သူတို့ရှေ့နေအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

တချိန်ထဲမှာလည်း အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ဝေတဲ့ The Washington Post သတင်းစာကြီးမှာ ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံရေး ထူထောင်ထားတဲ့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေဘက်က နှုတ်ဆိတ်နေတာကို ဝေဖန်ထောက်ပြထားပါတယ်။

ကိုညီညီအောင်ဟာ ထောင်ကျ အကျဉ်းသားတွေအပေါ် အကျဉ်းထောင်ဝန်ထမ်းတွေက လူမဆန်တဲ့ ဆက်ဆံမှုတွေကို ဆန်ကျင် ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဒီလို အစာငတ်ခံ ဆန္ဒပြတဲ့အတွက် အာဏာပိုင်တွေက ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က စပြီး ၈ ပေ ၁ဝ ပေ ပတ်လည် စစ်ခွေးတိုက်မှာ တိုက်ပိတ် အရေးယူခဲ့တယ်လို့ မိသားစုတွေက ဆိုပါတယ်။

ဒီလို အပြစ်ပေးမှုမျိုးကို ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန် ရှေ့နေအဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး လက်အောက်ခံ နှိပ်စက်ညဉ်းပမ်းမှုနဲ့ လူမဆန်တဲ့ ပြုကျင့်မှုများဆိုင်ရာ အဖွဲ့ရဲ့ အထူးကိုယ်စားလှယ် Mr. Manfred Nowak ထံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။