Saturday, December 26, 2009

နအဖ၏ ဓါတုလက်နက်ဘေး ကာကွယ်ရန် အပစ်ရပ်များပြင်ဆင်



သောကြာနေ့၊ 25 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်


အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက် အသုံးပြုမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ်စပ်အပစ်ရပ်များ ထိုအန္တရာယ် ကာကွယ်နိုင်သည့် စစ်ဝတ်စုံ ထောင်ချီဝယ်ယူ စုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆို၏။

“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်းထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ်အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။

နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန်သည့် တရုတ်နယ်စပ်အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းရန် စစ်အစိုးရက တိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များ အသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ဝင်တိုက်လို့ရမှာမဟုတ်ဘူးဆိုတာ သူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည်တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူးတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။

ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် -
၁။ မူးဝေအော့အန်၊
၂။ အသက်ရှူ ကြပ်၊
၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။
ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက်သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့်စကားများကိုကိုးကား၍ -

“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြုရင် မသင့်လျော်ဘူး၊ နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ ကျနော်တို့နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့ အသုံးပြုခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင် ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက် အသုံးပြုခဲ့ဖူးသည့် သတင်းများထွက်ခဲ့ပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။