Thursday, December 24, 2009

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကြမ်းဖက်မှုများကို ရှေ့နေများကောင်စီ ကန့်ကွက်


ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကြမ်းဖက်မှုများကို
ရှေ့နေများကောင်စီ ကန့်ကွက်


2009-12-24 ( RFA )


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဟာ ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို ဆက်လက် ကျူးလွန်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၊ စွမ်းအားရှင်အဖွဲ့ စသော စစ်အစိုးရ ဖွဲ့စည်းပေးထားသည့် အသင်းအဖွဲ့များက အတင်းအဓမ္မဖမ်းဆီးပြီး ကားများပေါ်သို့ ဆွဲတင်နေပုံ။ (Photo: AFP)

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဟာ ၂ဝဝ၄ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကစလို့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လာခဲ့ပြီး၊ အခုလ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်း ဦးရဲထွန်း ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အင်အား ၂ဝဝ လောက် ပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေက အင်အားသုံး ရိုက်နှက်ခဲ့တဲ့အတွက် ဆက်လက် ကျူးလွန်တဲ့ အကြမ်းဖက်မှုတခုအဖြစ် မှတ်တမ်းတင်ထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက ပြောပါတယ်။

ဦးမျိုး။ ။ 'ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘ ဦးတင်ဦးတို့ သွားတဲ့ ယာဉ်တန်းတွေကို ကားတွေကို လိုက်ပြီးတော့ ကြံ့ဖွံ့တွေက ဝိုင်းပြီး အုပ်စုနဲ့ ချတယ်။ အဲဒီက စပြီးတော့ ဒီပဲယင်းမှာလည်း သူတို့ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ လူတွေကိုလည်း ညှဉ်းဆဲတယ်၊ သတ်ဖြတ်တယ်။'

'အဲဒီ record တွေ၊ သူတို့ရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေ အားလုံးကို ကျွန်တော်တို့ မှတ်တမ်းရှိပါတယ်။ အခုကိစ္စကိုလည်း ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ တောက်လျှောက် ဆက်လက် ကျူးလွန်နေတယ်ဆိုတဲ့ အကြောင်းကို မှတ်တမ်းတင်ပြီး ဥပဒေရေးရာ သုံးသပ်ချက် ထုတ်ရတာ ဖြစ်ပါတယ်။'

အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ဦးမြင့်လွင် ဦးဆောင်တဲ့ မြို့နယ် ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေက ရိုက်နှက်ခဲ့မှုဟာ ကြိုတင် ကြံရွယ်ချက်နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်ပါ နာကျင်စေမှုကို ကျူးလွန်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကောင်စီရဲ့ ဒီဇင်ဘာလ ၂၃ရက် ဥပဒေ ရေးရာ သုံးသပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သက်ဆိုင်ရာက ဟန့်တားမှု မရှိတဲ့အတွက် အသင်းရဲ့ နာယက ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမှာ လုံးဝ တာဝန်ရှိတယ်လို့ ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်နဲ့ သွေဖြီ ပြီး အကြမ်းဖက် လှုပ်ရှားနေမှု၊ နိုင်ငံရေးပါတီအခုအသွင် မဲဆွယ်လှုပ်ရှားနေမှုတွေကြောင့် ဒီအသင်းကို ဖျက်သိမ်းသင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အခုနှစ် မတ်လ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံး လူမှုရေး အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထူထောင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို အကြမ်းဖက်မှုတွေ တခုပြီးတခု ဆက်လက် ကျူးလွန်နိုင်အောင် အာဏာပိုင်တွေ ခွင့်ပြုထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ် မေးမြန်းချက် အပြည့်အစုံ နားဆင်ရန် >>> ဒီမှာ ကလစ် ပါခင်ဗျား ။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။