Wednesday, March 3, 2010

မူးယစ်ဆေးအမျိုးမျိုး ရောင်းဝယ်မှု နအဖ ပုလိပ် ခွင့်ပြုထား

Tuesday, 02 March 2010 19:19 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟီးရိုးမြို့နယ်ခွဲရှိ အာဏာပိုင်များက မူးယစ်ဆေး ရောင်းသူကို အရေးယူခြင်း မရှိကြောင်း ဒေသခံများ အပြောအရ သိရသည်။ အဆိုပါ မြို့နယ်အား ကျေးရွာ ၁၉ ရွာ ဖြင့် ဖွဲ့စည်းထားရာ တာစန့် နောင်ခေါ် နှင့် နောင်မ ရွာများတွင် မူးယစ်ဆေး မျိုးစုံကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖေါက်ကား နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ရာမ ဆေးပြား အပါအ၀င် ဘိန်းဖြူ ဘိန်းမဲ အဓိကရောင်းချကြပြီး ရဲ နှင့် လ၀က (လူဝင်မှုကြီးကြပ်ရေးဋ္ဌာန) ၀န် ထမ်းများက လာဘ်ငွေယူပြီး ခွင့်ပြုထားသောကြောင်း သိရသည် ။

“ဘယ်လူကြီးကိုပဲတိုင်တိုင် မထူးလို့လေ ကျမတို့ဆီမှာ ခံစားနေရတာက လူငယ်တွေဆိုရင် ဘိန်းစားနဲ့ ရာမသမား တွေပဲ ဖြစ်ကုန်ပြီ ရဲ နဲ့ လ၀က ဆိုရင် ကိုယ်တိုင်လည်းသုံးစွဲတယ် မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေကနေ ဆက်ကြေး တောင်းပြီး အကာအကွယ် ပေးထားတယ် ”

“တရုတ်ဘက်က မူးယစ်ဆေးဝါး လာဝယ်တဲ့လူတွေဆီကနေလည်း ဆက်ကြေးကောက်တယ် နယ်ထိန်း ရဲတစ် ယောက်ဆိုရင် သူကိုယ်တိုင် လက်လီရောင်းတယ်၊ ဆက်ကြေးမပေးပဲ ရောင်းတဲ့သူတွေဆိုရင် ဖမ်းပြီး တရုတ်ငွေ ၂ထောင် ၃ ထောင်အထိ တောင်းတယ် ” လို့ သူမက ဆိုသည်။

ဖေဖေါ်ဝါရီလလယ်ပိုင်းက တာစန့်ရွာတွင် မူးယစ်ဆေးဝါး ရောင်းချသူ အချင်းချင်း ဓါးခုတ်သည်အထိ ပြဿနာ ဖြစ်ပွားခဲ့သေးကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“တာစန့်ရွာမှာ မူးယစ်ဆေး စပ်တူရောင်းတဲ့ လူအချင်းချင်း ပြဿနာဖြစ်တော့ တရုတ်လူမိုက်တွေငှားပြီး ဓါးနဲ့ခုတ် ခိုင်းလို့ တစ်ယောက် ဓါးဒဏ်ရာ ၉ ချက် ရသွားတယ်၊ သေတော့ မသေသွားဘူး ” လို့ သူက ပြောသည်။

ထို့အပြင် အာဏာပိုင်များက ဒေသတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသဖြင့် လူငယ်များမှာ လောင်းကစားသမား နှင့်ဆေးသမားများ ဖြစ်ကုန်ကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ်ဖြစ်သည့် မန့်ဟီးရိုးမြို့နယ်ခွဲအတွင်းရှိ အချို့ရွာများသည် တရုတ်နှင့် မြန်မာနှစ်နိုင်ငံက တစ်ခြမ်းစီ ပိုင်ဆိုင်သည်။

ဇန္န၀ါရီ 26 ရက်နေ့ ကလည်း စစ်အစိုးရ ထိန်းချုပ်ဒေသ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း နှင့် မန်တုန်မြို့နယ် ကျေးရွာများ 3 နှစ်တာ ကာလ (2006 မှ 2009 အထိ)မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာသည်ဟု ပလောင်အမျိုးသမီးများအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

source by : http://www.mongloi.org