Thursday, March 4, 2010

ပန်ဆန်းနယ်မြေမှာ ဝ တိုင်းရင်းသားတပ်ဖွဲ့တွေ တပ်လှန့်ထား

2010-03-03 ( RFA )

UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က မြန်မာစစ်အစိုးရ ဖိအားပေးနေတဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ တင်းမာနေတဲ့ အခုရက်ပိုင်းမှာ ပန်ဆန်းမြို့ဒေသတဝိုက် လုံခြုံရေး ချထားသလို အဝေးရောက်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည် ခေါ်ယူထားတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပန်ဆန်းဒေသမှာ နေထိုင်တဲ့ ဝတိုင်းရင်းသားတဦးက အခုလို ပြောပါတယ်။

ဝ တိုင်းရင်းသားတဦး။ ။'ပြီးခဲ့တဲ့ လကုန်အထိ အစိုးရ အချိန်ပေးမယ်လို့ ပြောတော့လေ ဒီဘက်မှာ ရဲဘော်တွေအားလုံး အသင့်ပြင်ထားပေါ့၊ အဆိုးဆုံးအထိ stand-by ပေါ့ ၊ အဲဒီလိုမျိုး အမိန့်ချ ထားတာတော့ ရှိတယ်။ တပ်သားစုဆောင်းတာတို့ ဘာတို့ကတော့ ပုံမှန်ပဲ။ အခု ဒီကိစ္စပေါ်လာမှပဲ ပိုပြီးမှ စုဆောင်းတာတွေ ရှိတယ်။ တခြားနေရာ ရပ်ဝေးရောက်နေတာတောင်မှ ပြန်မလာ မရ ၊ အဲလိုမျိုး ခေါ်လာတာတွေ ရှိတယ်'

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မြန်မာစစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း တို့ တန်ယန်းမြို့ မှာ တွေ့ဆုံခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ပန်ဆန်းမြို့ကို ပြန်ရောက် လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က မြန်မာစစ်အစိုးရကို အရင်က တင်ပြထားတဲ့ အချက် ၉ ချက်ကိုပဲ ဆက်လက် တောင်းဆိုထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို အချိန်ယူ စဉ်းစားမယ်လို့ပဲ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က စီမံ အုပ်ချုပ်ထားတဲ့ ဒေသ အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က စုစည်းတင်ပြထားပါတယ်။

စုစည်း တင်ပြမှု နားဆင်ရန်




source by : http://www.rfa.org