Wednesday, March 3, 2010

ဝ နယ်ခြားတလျှောက် တရုတ်တပ်အင်အား ထောင်ချီဖြည့်ထား

သျှမ်းသံတော်ဆင့်

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး မချေမတင် ဖြစ်ပြီးနောက်ပိုင်း ၀ နယ်ခြားတလျှောက် တရုတ်ပြည်လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်း ထားသည်ဟု စုံစမ်းသိရှိရပါသည်။

“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာ တယ် ဆိုတဲ့အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ်နေထိုင်သူ တဦးက ပြောပါသည်။

တရုတ်ပြည်လုံခြုံရေးတပ်ဖွဲ့

ဇန္န၀ါရီ လလယ်ပိုင်းကတည်းက တရုတ်တပ်များ နယ်စပ်မျဉ်းတလျှောက် အင်အားဖြည့်ထားခြင်း ဖြစ်၏။

တဖက်တွင်လည်း ၀ ပြည် သွေးစည်းရေးတပ်မတော်အား ဆွေးနွေးရန် နအဖကမ်းလှမ်းစဉ် ကျန်းမာရေးကြောင့် လားရှိုးသို့ သွားရောက်ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၀ ခေါင်းဆောင်အကြောင်းပြန်ခြင်း၊ ၀ နယ်ခြားတလျှောက် နအဖ တပ်များ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု ပြုလုပ်လာခြင်း စသည့်အခြေအနေများကြောင့် တရုတ်တပ်များ ပိုမိုအင်အားဖြည့် တပ်ချ ရာ ယနေ့အထိဖြစ်သည်။

“၀ ဌာနချုပ် မျက်နှာချင်းဆိုင် မိုင်းလျဲမ်းမှာ တရုတ် စစ်အင်အား ၄၀၀-၅၀၀ က အခု ၂၀၀၀ ကျော်တယ်။ လေ ယာဉ်ပစ် လက်နက်ကြီးတွေလဲ ထပ်ချထားတယ်၊ နအဖဘက်ကလဲ မိုင်းလားအဖွဲ့ နဲ့ ဆွေးနွေးတဲ့ အပတ်တုံးက ဆို ကျိုင်းတုံမှာ MIG 29 ရုရှားတိုက်လေယာဉ် အပြင်းအထန် လေ့ကျင့်ပျံသန်းတယ်။ ပန်ဆန်းမြို့ အရှေ့တောင် ဘက် မှော်ဖ ဒေသမှာ ဆိုလဲ ဗမာ့တပ်အင်အား ၇၀ လောက်ကနေ အခု ၅၀၀ ထက်မနည်းတိုးလာတယ်” - ဟု နယ်စပ်တလွှား သွားလာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေး စောင့်ကြည့် လေ့လာသူတဦးက “ နအဖ က အင်အားသုံး တိုက်ခိုက်မှု မလိုလားသလို အပစ်ရပ် အနေနဲ့လည်း မလိုလားဘူး။ အခုစစ်ရေးတင်းမာမှု အခြေအနေဟာ ဖဲရိုက်တဲ့ သူနဲ့ တူတယ်ဗျ၊ ကိုယ့်ဖဲ မကောင်းလဲ ကောင်း သယောင် နဲ့ ပိုက်ဆံတိုးလောင်းပြီး တဘက်ကို ခြိမ်းခြောက်၊ ဖဲကွက်ကစားလို့ တဘက်သား ရှုံးအောင် လုပ်သလိုပေါ့” - ဟု သုံးသပ်ပြောဆိုပါသည်။

ရုရှားလုပ် MIG 29တိုက်လေယာဉ်(Photo:fwmail.teenee.com)

နအဖဘက်က MIG 29 ရုရှားတိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုကြောင့် တရုတ်တို့ကလည်း လေယာဉ်ပစ် လက်နက် ထပ်ချထားခြင်းဖြစ်နိုင်သည်ဟု လည်း ပြောဆိုပါသည်။

နယ်စပ်လုံခြုံရေးအရ ၀ နယ်ထဲ တပ်မ နှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ပြောဆိုချိန်မှစ၍ ၀ ပြည်သွေးစည်းရေး တပ်မတော်ကလည်း ၂၅ ရက်နေ့ တန့်ယန်း ဆွေးနွေးပွဲအပြီး ပန်ဆန်းဌာချုပ် အစည်းအဝေး၌ - ‘ပြည်ထောင်စုမှ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို ဗမာ့တပ်မတော်ဘက်သေနတ်ပြောင်းလှည့်ပြီး အရင်တိုက်ခိုက်ဖို့လဲ အစီအစဉ် မရှိ၊ သို့သော် မည်သည့်တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်းကျွံဝင်လာပါကပစ်ခတ်ဖို့ ၊ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ တိုက်ပွဲ စ ရမယ်’ ဟု ဆုံးဖြတ်ချက်ချထားကြောင်း အမည်မဖေါ်လိုသည့် ၀ စစ်ဘက်ရေးရာ အရာရှိတဦးက ပြောပါသည်။

ဝ နယ်ခြား မျဉ်းတလျှောက် (မြောက်ပိုင်း) ကွန်လုံ-ဟိုပန် ဘက်တွင် (ကိုးကန့် အရေးအခင်း ချိန်မှစ၍) တပ်မ ၉၉ ၊ ၃၃ တို့ တပ်စွဲထားကြောင်း၊ဇန္န၀ါရီ လလယ်ပိုင်းတွင် ၀ နယ် အနောက်ဘက် တလွှား (အပစ်ရပ် သျှမ်းပြည် တပ်မတော်) နယ်မြေအတွင်းတွင် တပ် ၅၅ က ထိုးဖေါက် တပ်စွဲထားကြောင်း စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြပါသည်။

source by : http://www.mongloi.org