Tuesday, March 2, 2010

အသွင်ပြောင်းရေး အချိန်တိုးပေးရန် နအဖ ထံ ‘၀’ ခေါင်းဆောင် ထပ်မံစာရေးတောင်းဆို

Monday, 01 March 2010 18:44 သျှမ်းသံတော်ဆင့်

‘၀’ ပြည် သွေးစည်းရေး တပ်မတော်ခေါင်းဆောင် ပေါက်ယူချမ်း နှင့် စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံပြီး နောက်ပိုင်း UWSP/UWSA နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အချိန်ထပ် တိုးပေးရန် နအဖထံသို့ ထပ်မံစာရေး တောင်းဆိုလိုက်သည်ဟု စုံစမ်း သိရှိရပါသည်။

“၂၇ ရက် မနက် ၈ နာရီကနေ ညနေ ၁၆း၃၀ အထိ ဗဟို ကော်မတီဝင် ၂၂ ဦး ပန်ဆန်းဌာနချုပ်မှာ အစည်း အဝေးထိုင် တယ်။ အဲဒီ့ ကနေတဆင့် အများဆန္ဒ သဘောထားကိုကောက်ယူပြီး ဗိုလ်ရဲမြင့် ထံ အဓိက အကြောင်းရင်း ၂ ချက် တင်ပြခဲ့တယ်” - ဟု အဆိုပါ ၀ အရာရှိက ဆက်လက် ပြောပြပါသည်။

ဗိုလ်ချုပ် ရဲမြင့် ထံသို့ ‘၀’ ပေးစာ


အဓိက အကြောင်းရင်း ၂ ချက်မှာ-

၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် မိုင်းပေါက် နှင့် မိုင်းဖျဲန် နယ်မြေကိစ္စ ရှင်းရှင်း လင်းလင်း ဖေါ်ပြထားခြင်း မရှိသောကြောင့် ဥပဒေကြောင်းအရ တပ်မတော်အစိုးရနှင့် ဆက်လက်ဆွေးနွေး ဖြေရှင်းလိုခြင်း၊

၂။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပါတ်သက်၍ ‘၀’ တို့၏ တင်ပြချက် ၉ ချက်အပေါ် ဖြေရှင်း ပေးစေလိုကြောင်း တပ်မတော်အစိုးရနှင့် ဆက်လက် ဆွေးနွေးနိုင်ရန် တင်ပြချက်များအား အချိန်ယူ စဉ်းစားပေးမည်ဟုလည်း မျှော်လင့်ကြောင်း စသဖြင့် တင်ပြခဲ့သည်ဟုပြောပါသည်။

တန့်ယန်းတွေ့ဆုံပွဲ နှင့် ပတ်သက်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရ ထံသို့လည်း အလားတူ တစောင်ပေး ပို့ခဲ့သည် ဟုလည်းဆို၏။

တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရထံပေးပို့သည့်စာတွင် ‘၀’ ပြည်နယ်အစိုးရ တင်ပြထားသည့် အချက် ၉ ချက် အား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်အဖွဲ့က ထည့်သွင်း ဆွေးနွေးခြင်းမရှိ၊ ‘၀’ ဘက်မှ ထိုင်နားထောင်ရခြင်း သက်သက်ဖြစ်၊ ဆွေးနွေးပွဲ အစီအစဉ် အချိန်ကာလအားလုံး နအဖ ဘက်ကသာ သတ်မှတ်ကာ အသွင်ပြောင်းရန်သာ တဘက်သတ်ဖိပြော၊ အစည်းအဝေးမှာ တိုးတက်မှု တစုံတရာ မရှိ - စသဖြင့် ရေးသား တင်ပြထားသည်ဟု ဆို၏။

ဖေဖေါ်ဝါရီ ၂၅ ရက် တန့်ယန်း ဆွေးနွေးပွဲ မတိုင်မှီ ကတည်းက နယ်စပ်လုံခြုံရေးအတွက် အကြောင်းပြကာ နအဖဘက်မှ တပ်မအင်အား ၂ ခု ‘၀’နယ်အတွင်း ပို့ဆောင်မည့်အကြောင်း တရုတ်မှတဆင့် ဖိအားပေးထား မှုအပေါ် “မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မဆို ၀ ပြည်နယ်အစိုးရ ခွင့်ပြုချက် မရဘဲ ၀ နယ်ထဲ ၀င်ရောက်လာပါက မိမိကိုယ် မိမိကာကွယ်သည့်မူအရ အသက်ရင်း ခုခံတိုက်ခိုက်သွားမည်” ဟူ၍လည်း အတိအလင်း ပြောကြား ခဲ့သေး၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ (မွန်းလွဲပိုင်း၌ တွေ့ဆုံ၊ ၂၆ ရက်နေ့ ပြန်လည်ထွက်ခွာ) တန့်ယန်း တွေ့ဆုံ ဆွေးနွေးပွဲအား ‘၀’ ပြည် သွေးစည်းရေးပါတီ ဥက္ကဌပေါက်ယူချမ်း ကိုယ်တိုင် သွားရောက်ခြင်းသည် တရုတ်မှ ဖိအားပေး မှုကြောင့် ဟု ဆိုနိုင်သော်လည်း နအဖ နှင့် ၀ အကြား ဆွေးနွေးမှုတွင် နအဖ သဘောထားမည်မျှ တင်းမာသည်ကို တရုတ်တို့အား လက်တွေ့ ရှုမြင်လိုသည့် ဆန္ဒကြောင့်လည်း ဖြစ်ကြောင်း ပြောပြပါသည်။

source by : http://www.mongloi.org