RFA | မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ သဘောထားဆန္ဒတွေနဲ့ ဆက်လက် ဆန့်ကျင် ဆောင်ရွက် နေတဲ့အတွက် အမေရိကန် အစိုးရအနေနဲ့ အခုထက်ပိုပြီး ထိရောက်ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ်ပိတ်ဆို့ဖို့ လိုနေပြီလို့ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ လွှတ်တော်အမတ် Don Manzullo က မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်၊၊
အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီက စက်တင်ဘာ ၃ဝ ရက်နေ့တွင် ပြုလုပ်သော 'မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ၏ ရိုက်ခတ်မှု နှင့် ထိရောက်မှု' အပေါ် ကြားနာပွဲတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ထွက်ဆိုအစီရင်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ နေအိမ်အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းခံထားရတာကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊ မြန်မာစစ်အစိုးရဟာ မိမိတို့ ဖြစ်စေချင်သလို ပြောင်းလဲမှုတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း လွှတ်တော်အမတ် Don Manzullo က မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကြားနာပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊၊
ဒီ ကြားနာပွဲကို ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell လည်း တက်ရောက်ခဲ့ပါတယ်၊၊ ဆက်လက်ပြီး လွှတ်တော်အမတ် Don Manzullo က အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်နေပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။
Illinois ပြည်နယ် ရီပါဗလီကန် လွှတ်တော်အမတ် Don Manzullo ဟာ မြန်မာ့အရေး နဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ဆောင်ရွက်နေသူ ဖြစ်ပါတယ်၊၊ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ George W. Bush လက်ထက်က စစ်အစိုးရကို ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ် သတ်တမ်းတိုးရာမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်၊၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုမှာ အရပ်သား ပြည်သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကွန်ဂရက်ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၇ ခုနှစ်က ချီးမြှင့်ဖို့ အဓိက စည်းရုံး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်၊၊
source by : http://www.rfa.org