Wednesday, March 3, 2010

ဒေါ်အောင်ဆန်းစုကြည် အယူခံပယ်ချမှု အမျိုးသားရင်ကြားစေ့ရေး ပျက်စီးလို့ EU ပြောကြား

2010-03-02 ( RFA )

ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်အကျယ်ချုပ် အယူခံမှုကို စစ်အစိုးရ ဗဟိုတရားရုံးက ပယ်ချလိုက်တာဟာ အတိုက်အခံတွေနဲ့ အစိုးရအကြား အရေးပေါ် လိုအပ်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံ ရေရှည် တည်ငြိမ်အေးချမ်းရေး အာမခံနိုင်မှု အလားအလာတွေကို ထိခိုက်ပျက်စီး သွားစေခဲ့တယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton က မနေ့က ပြောကြားလိုက်ပါတယ်၊၊

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ ဘယ်လဂျီယမ်နိုင်ငံ ဘရပ်ဆယ်မြို့တွင် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ဆုံစဉ်။ (U.S. Embassy Brussels photo by Freddy Moris)

အခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေအတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးဖို့ကိုလည်း ဥရောပပါလီမန်က ထပ်မံ တောင်းဆိုလိုက်ပါတယ်၊၊

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နောက်ဆုံး အယူခံတင်တဲ့အခါ တရားဥပဒေ နည်းလမ်းအရ ဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အရေးတခု ရှိသေးတယ်လို့လည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton က ပြောပါတယ်၊၊

source by : http://www.rfa.org