Saturday, March 6, 2010

ဒီပဲယင်းကိစ္စအလွန် မြန်မာ့နိုင်ငံရေး - အပိုင်း ( ၂ )

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်


အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး နှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ဦးစွာပထမ လွှတ်ပေးပြီး ကျန်နိုင်ငံရေး အကျဉ်းသား များကို ဆက်လက်လွှတ်ပေးနိုင်ရေး စီစစ်ရန်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စအပေါ် တနည်းနည်းဖြင့် အသိအမှတ်ပြုနိုင်ရေးကို NLD နှင့် ဆက်လက်ဆွေးနွေးသွားရန်၊ အမျိုးသား ညီလာခံတွင် အခြေခံမူ (၁၀၄) ချက်ထဲမှ အချို့သောအချက်များကို ပြန်လည် ဆွေးနွေးခွင့်ပြုမည်ဟု ထိုစဉ်က လမ်းညွှန်ချက် ပေးခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်ကို ဗိုလ်မှူးကြီးတင်လှိုင်၊ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်မှူးချုပ်သန်းထွန်း ထို (၃) ဦးမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို ပြန်လည် အသိပေး အကြောင်းပြန် ကြားခဲ့ပါသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီးခင်ညွှန့် သည် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များအား ဝမ်းသာအားရဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး (၉၅%) တော့ သေချာနေပြီဟု မှတ်ချက်ပြုခဲ့ပါသည်။ အဆိုပါ စေ့စပ်ညှိနိုင်းရေး အဖွဲ့ဝင်များအားလည်း အမှားအယွင်းများ မဖြစ်စေရန် စကားအသုံးအနှုန်းမှအစ အစစအရာရာ သတိထားပြီး ပြောကြားရန် မှာကြားမှုများ ရှိခဲ့ပါသည်။ ထိုမှာကြားမှု အပေါ် NLD ခေါင်းဆောင်လူကြီးများလည်း ဝမ်းသာမှုများ ဖြစ်ခဲ့ရသည်ကို သိရှိ ခဲ့ရပါသည်။

သို့သော်လည်း အမျိုးသားညီလာခံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီးခင်ညွှန့် နှင့် စေ့စပ် ညှိနှိုင်းရေးအဖွဲ့ကို ခေါ်ယူပြီး ယခင် လမ်းညွန်ချက်များအပေါ် ပြန်လည် ပြင်ဆင်ရန် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး ၏ ပြင်ဆင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦးကို လွှတ်မပေးနိုင်သေးကြောင်း၊ NLD က ဦးစွာ အမျိုးသားညီလာခံ ပြန်တက်ပေးရန်နှင့် အမျိုးသားညီလာခံတွင် NLD ၏ ဆွေးနွေးချက်အပေါ် မူတည်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တဆင့် ပြောကြားထားသည့် NLD ၏ တောင်းဆိုမှုများကို ပြန်လည် စဉ်စားပေးမည်ဟုသော ပြင်ဆင်ချက်ပင်ဖြစ်ပါသည်။

ဗိုလ်မှူး အောင်လင်းထွဋ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ထိုပြင်ဆင် ညွှန်ကြားချက်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံ၏ မျှော်လင့်ချက်ကို နင်းချေ ဖျက်ဆီးခဲ့ပါသည်။ ထိုစဉ်က တပ်မတော် ထိပ်ပိုင်း ဗိုလ်ချုပ်များပင်လျှင် များစွာ မကျေမနပ် ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချုပ်မှူးကြီး ရုံးတွင် တာဝန် ထမ်းဆောင်နေသော အရာရှိ/အကြပ်တပ်သားများပင်လျှင် တိုးတိုးတိတ်တိတ် ဝေဖန်သံများ ရှိခဲ့ကြပါသည်။ တစုံတစ်ခုတော့ မှားယွင်းနေသည်၊ ဘေးပရောဂ တစ်ခုခု ဝင်သွားလို့လား၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် မူမမှန်ဖြစ်သွားတာလား ကိုတော့ ကာယကံရှင် (ဗိုလ်ချုပ်မှူးကြီး) ကိုယ်တိုင် သာ အသိဆုံး ဖြစ်ပါတော့သည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ပြင်ဆင်ညွှန်ကြားချက်ကို ဗိုလ်မှူးကြီး တင်လှိုင်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့မှ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည် ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ “ရှင်တို့ စစ်သားတွေ ယောင်္ကျားတွေ ဖြစ်နေပြီး ဂတိသစ္စာ မတည်တဲ့သူတွေ” ဟု မှတ်ချက်ပြုမှုကို ခံခဲ့ရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး ၏ လုပ်ရပ်ကြောင့် တပ်မတော်ဆိုသည့် ဂုဏ်သိက္ခာသည် တစ်ပြားသားမျှ မကျန်အောင် ဖြစ်ခဲ့ရပါသည်။

ထိုစဉ်အချိန်အခါ ၂၀၀၄ ခုနှစ်မှစ၍ ယနေ့အထိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံသည် အဝေးကြီး ဝေးခဲ့ရပါသည်။ စေ့စပ်ညှိနှိုင်းရေးကို ဦးစားပေးခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် တစ်ဖွဲ့လုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လက်ချက်ကြောင့် ဘဝနိဂုံး ချုပ်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းလဲ သွားရခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်မှူးကြီး၏ အခါတော်ပေး ဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဝံကြီး ဦး..အောင်..တောင်း (ဦးအောင်သောင်း) တို့ကြောင့် ဖြစ်သည်ကို စစ်တပ်ထိပ်ပိုင်း အနီးကပ်ရှိသူများထံမှ တဆင့် ကြားသိရပါသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရက်စွဲပါ “ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ၊ ရေးသားသူ - ရန်ငြိမ်းအောင် (လူငယ်တွင်)” အောက်ပါစာပိုဒ်လေး ပါဝင်ပါသည်-

“သို့သော် ဘဘဦးတင်ဦး ကပင် ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတစ်ခုသည် ရှိနေကြောင်းကို ယခုလ (၂၀)ရက်နေ့ တွင် ဖော်ထုတ် သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများ နှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင် ပြန်လည် ကျေးဇူးတင်စကား ပြောရာ၌ ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဘက်သဘောတူပြီးပြီ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တစ်ရက် အလိုကျမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က အားလုံးကို ဖျက်ပစ်လိုက်သည် ဟူ၍ ဖြစ်ပါသည်။

ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတစ်ခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံ ဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေငြာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ် ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံ ဆွေးနွေးရန် စိတ်မဝင်စား၊ တွေ့ဆုံ ဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခိကို မည်သို့ ဖြေရှင်းမည်နည်း?”

ကျွန်တော့်အနေဖြင့် စာဖတ်ပရိတ်သတ်များကို ဖေါ်ထုတ် ရှင်းလင်းလိုသည်မှာ တပ်မတော် အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် NLD ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်၊ ညှိနှိုင်းခဲ့သည်။ ပြည်သူထဲက ပြည်သူ့တပ်မတော် ဖြစ်ချင်သည်။ “ပြည်သူသည်သာ အမိ၊ ပြည်သူသည်သာ အဖ” ဖြစ်သည်ဟု ခံယူထားသည်။ လက်ရှိအချိန်တွင် ဖြစ်နေသော ပြဿနာသည် အာဏာယစ်မူးနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြောင့် ဖြစ်ပေါ် နေရခြင်းသာဖြစ်သည် ဆိုသောအချက်ပင် ဖြစ်ပါသည်။ ကျွန်တော် ဖေါ်ထုတ် ရှင်းလင်းလိုသော အချက်ကို ဦးတင်ဦး ၏ ပြောစကားများက ပိုမိုပေါ်လွင် လေးနက် အတည်ပြုပေး လိုက်သလို ဖြစ်ခဲ့ပါသည်။ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာလျှင် လက်ရှိ အာဏာရှင်စနစ်သည် ချုပ်ငြိမ်းပါမည်။ အာဏာရှင်စနစ်ကို ဖယ်ရှားရန်မှာ ပြည်ပရှိ မျိုးချစ်များထက် ပြည်တွင်းရှိ တပ်မတော်သားများက ပိုမိုစွမ်းဆောင် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျွန်တော်၏ ထိုသုံးသပ်ချက်ကို တပ်မတော်သားများ အနေဖြင့် အလေးအနက်ထား စဉ်းစားပေးစေလိုကြောင်း မေတ္တာရပ်ခံအပ် ပါသည်။

source by : http://www.photayokeking.org