Saturday, March 6, 2010

မြန်မာနိုင်ငံကို အမေရိကန် အထူးသတိထား ဆက်ဆံနေ

RFA | မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးသတိထား ဆက်ဆံနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell က ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)

မတ်လ ၇ ရက်နေ့မှာ စတင်မယ့် အာရှနဲ့ ပစိဖိတ်ဒေသ ခရီးစဉ် မတိုင်ခင် အာရှ၊ ပစိဖိတ်နဲ့ ကမ္ဘာ့ ပတ်ဝန်းကျင်ရေးရာဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီခွဲမှာ မတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ ပြန်လည်သုံးသပ်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတိထားရမယ့် စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ ထူးထူးခြားခြား တိုးတက်မှု မရှိရင် စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားတာကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း၊ မိမိတို့မှာ ပြတ်သားတဲ့ လမ်းညွှန်ချက်ရှိပြီး အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား လူနည်းစုတွေကို ချေမှုန်းနေတာတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းနေကြောင်း Mr. Kurt Campbell က ပြောပါတယ်။

Mr. Kurt Campbell ဟာ မတ်လ ၇ ရက်နေ့က စတင်ပြီး ၁၇ ရက်နေ့အထိ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ အောက်လွှတ်တော် ကြားနာပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာလည်းမရှိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်း မရှိဘဲ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို အမေရိကန်အနေနဲ့ လက်ခံနိုင်ဖွယ် မရှိဘူးဆိုတာ သူ မြန်မာနိုင်ငံကို ရောက်ခဲ့ချိန်က ပြောဆိုခဲ့တဲ့အကြောင်းလည်း Mr. Kurt Campbell က ပြောဆိုပါတယ်။


source by : http://www.rfa.org