Saturday, March 6, 2010

ဒဂုံတောင်ပိုင်း စက်ရုံလုပ်သား သုံးထောင် တနေကုန် အေးချမ်းစွာဆန္ဒပြ

RFA | ရန်ကုန်တိုင်းအတွင်းက စက်မှုဇုံတွေမှာ အခုရက်ပိုင်းအတွင်း ဆန္ဒပြတာတွေ ဆက်တိုက် ဖြစ်ပေါ်နေရာမှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုံ (၁) က SGI အထည်ချုပ်ရုံအမည်နဲ့ စက်ရုံ (၄) ရုံမှာ ပုံမှန်ရနေကျ ဘောနပ်ကြေးနဲ့ ရှားပါးစရိတ် ဖြတ်တောက်တာကို မကျေနပ်တဲ့အတွက် အလုပ်သမားတွေစုပြီး ဒီကနေ့ မနက်ပိုင်းက စပြီး ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမား သုံးထောင်ကျော် ဒီကနေ့ မနက်ပိုင်းကစပြီး မွန်းလွဲပိုင်း အချိန်အထိ ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ဆန္ဒပြရတဲ့ အကြောင်းရင်းကို ဆန္ဒပြအလုပ်သမားတွေနဲ့ နီးစပ်သူ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

ဒေသခံတဦး။ ။'လစာတွေကို ပထမတကြိမ်တုန်းက သူတို့ကို ငါးထောင်တိုးပေးတယ် ဆိုပြီးတော့ သူတို့ ညှိကြတယ်ဗျ၊ အရင်ရက်တွေက ညှိလိုက်တဲ့အခါမှာ ငါးထောင် တိုးတော့ပေးတယ်။ ဒါပေမယ့် သူတို့ရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ ဘောနပ်ကြေးတို့၊ ရှားပါးစရိတ်တို့၊ တခြား အလုပ်သမား ရပိုင်ခွင့်တွေကို ဖြုတ်ပစ်လိုက်တယ်ဗျာ။ အဲလို ဖြုတ်လိုက်တဲ့အတွက် အလုပ်သမား သုံးထောင်ကျော်က မကျေနပ်တဲ့အတွက် ဒီကနေ့ မနက် (၈) နာရီ ကတည်းကနေပြီးတော့ ကျနော်တို့ SGI- 1- 2- 3- 4 ၊ အဲဒီ အထည်ချုပ် ၄ ရုံက အလုပ်သမား သုံးထောင်ကျော် ဆန္ဒပြနေတယ်ဗျ။ အလုပ်သမားတွေအနေနဲ့က ပုံမှန် သူတို့ ရပိုင်ခွင့် ခံစားခွင့် တွေ၊ ရှားပါးစရိတ်တို့ ဘောနပ်ကြေးတို့ အဲဒါတွေကိုပါ မဖြုတ်ဘဲနဲ့ သူတို့ကို လစာတိုးပေးဖို့အတွက်ကို တောင်းဆိုနေတာ ခင်ဗျ။

စက်ရုံရှေ့ကနေပြီးတော့ မတ်တပ်ရပ်တဲ့သူတွေရော ထိုင်နေတဲ့သူတွေရော ဘာမှ ဆူပူခြင်း အော်ဟစ်ခြင်း မရှိဘူး။ သူတို့ဟာ သူတို့ ငြိမ်းချမ်းစွာနဲ့ပဲ သူတို့ရဲ့ အခွင့်အရေးကို တောင်းဆိုနေ တာပါခင်ဗျ'

ဆန္ဒပြစက်ရုံရဲ့ ပတ်ဝန်းကျင်မှာ လုံထိန်းကား ၁၅ စီးလောက်နဲ့ မီးသတ်တွေ အပါအဝင် အာဏာပိုင်တွေက လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတယ်လို့လည်း စောစောက ဒေသခံက ဆက်ပြောပါတယ်။

နေ့လည် တနာရီခွဲမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေ အပါအဝင် SGI အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ညှိနှိုင်းပြီး အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေကို ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ညှိနှိုင်းချက်ရလို့ ဆန္ဒပြတာ ပြီးဆုံးသွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမက အာအက်ဖ်အေကို အခုလိုပြောပါတယ်။

အလုပ်သမတဦး။ ။'ကျမတို့က အလုပ်သမားတွေကို ဘောနပ်တိုးပေးဖို့ရယ်၊ နေမကောင်းလို့ရှိရင် မဖြတ်ဖို့ရယ်၊ နောက် ပိတ်ရက်တွေကို ကျမတို့ နားဖို့ရယ်၊ နောက်တော့ ထမင်းပေါ့၊ သင်္ကြန်ဘောနပ်တို့ ဘာတို့ကျရင် ဆုပေးဖို့အတွက် အဲဒါတွေပဲ ကျမတို့တောင်းတာ။ တာဝန်ရှိတဲ့သူတွေနဲ့ လူကြီးတွေ တော်တော်များတယ်။ ဒီနေ့ တော်တော်လာကြတယ်။ လူကြီးတွေနဲ့ ညှိတာပေါ့နော်။ နှစ်ယောက်ချင်း နှစ်ယောက်ချင်း ရုံးမှာ တက်မေးခိုင်းတယ်။ သူတို့ တက်ပြီးတော့ ပြောပြီးတော့ နောက်ပိတ်ဆုံးကျတော့ သူတို့ဟာသူတို့ လူကြီးအချင်းချင်း ညှိတော့ ကျမတို့ကို ဘောနပ်ဖြုတ်ချတဲ့ဟာလေ အဲဒါ ပြန်ပေးမယ်ဆိုတဲ့ အကြောင်းပဲ၊ လုပ်ပေးမယ်လို့ ပြောလိုက်တာ အဲဒီမှာ ပြီးသွားပါတယ်'

ဆန္ဒပြ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တာဝန်ရှိသူတွေ ညှိနှိုင်းပြီးတဲ့အခါ အလုပ်သမားတွေကို စက်ရုံ ဖယ်ရီကားတွေနဲ့ နေအိမ်တွေဆီ ပြန်ပို့ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org