Tuesday, January 26, 2010

ဝီဂါမူစလင် ၁၈ ဦးကို UWSAက တရုတ်လက်ထဲ ပြန်အပ်

2010-01-25 ( RFA )

တရုတ်မြန်မာ နယ်စပ်အခြေစိုက် UWSA ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ရဲ့ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသထဲ ရောက်လာကြတဲ့ ဝီဂါလူမျိုး ၁၈ ဦးကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေ လက်ထဲ UWSA က ပြန်လည်အပ်နှံခဲ့ကြောင်း တရုတ်အင်တာနက် ဘလော့ဂါသတင်းတွေမှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ စင်ကျန် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ မြို့တော် အူရွန်ချီတွင် မူစလင် ဘာသာဝင် ဝီဂါလူမျိုးစု ဒေသခံများနှင့် တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂ဝဝ၉ ဇူလိုင် ၅ ရက်နေ့က အဓိကရုဏ်း ဖြစ်ပွားနေပုံ ဖြစ်ပါသည်။ ၎င်းအဓိကရုဏ်းတွင် လူ ၁၄ဝ သေဆုံးခဲ့ရကြောင်း တရုတ်အစိုးရက ကြေညာသည်။ (Photo: AFP)

တရုတ်နိုင်ငံသား ဝီဂါမူစလင် ၁၈ ဦးကို တန်းစီပြီး လက်ထိပ်ခတ် ခေါ်ဆောင်လာပုံနဲ့ တရုတ်မြန်မာ နယ်စပ်တံတားတခုပေါ်မှာ UWSA ဝတ်စုံနဲ့ တပ်သားတွေက တရုတ်အရာရှိတွေ လက်ထဲ အပ်နှံနေတဲ့ ဓာတ်ပုံတွေကို အဲဒီ တရုတ်အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို တရုတ်အာဏာပိုင်တွေလက်ထဲ အပ်နှံခံရတဲ့ ဝီဂါမူစလင် ၁၈ ဦးဟာ နိုင်ငံရေးနဲ့ ပတ်သက်ခြင်း ရှိ မရှိကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး ၊

ဒီသတင်းနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိကြောင်း တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလိုမှတ်ချက်ပေး ပြောဆိုပါတယ်။

ဦးအောင်ကျော်ဇော။ ။ 'ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ယနေ့ တရုတ်ပြည်က တောင်းဆိုမှုတွေ ရှိတဲ့အခါမှာ တရုတ်ပြည်ရဲ့တောင်းဆိုမှုကို လိုက်လျောရမဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်လေ၊ အခြေအနေက။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးကလည်း ကောင်းဖို့လိုတယ်၊ ဒီလိုအခြေအနေမျိုးမှာ။ နယ်စပ်ဒေသမှာ လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများက ဒီလို ကိစ္စမျိုးတွေမှာ သူတို့ ပတ်သက်မှု သိပ်မရှိတဲ့ လူတွေဆိုရင် ပြန်အပ်တာ များတာပါပဲ။'

'ဝီဂါတွေ ဝ နယ်သွားမယ်ဆိုတာ သိပ်အခက်ကြီးတော့ မဟုတ်ဖူး၊ ရောက်နိုင်တယ်။ အထူးသဖြင့် ၂ဝဝ၆ လောက်က စပြီး၊ တရုတ် မြန်မာ နယ်စပ်တလျှောက်မှာ တဖြည်းဖြည်း အောက်ရောက်လာတယ်။ ဒါပေမဲ့၊ တရုတ်အစိုးရက အထူးသဖြင့် အဲဒီ ဝီဂါကိစ္စ မဖြစ်ခင်ပေါ့၊ ၂ဝဝ၇ လောက်မှာ အဲဒီအုပ်တွေကို သူတို့ ပြန်ပြီးတော့ တရုတ်ပြည်ထဲ ပြန်သွင်းတယ်လေ။ ကျွန်တော်တို့ သိသလောက်ပေါ့ဗျာ၊ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်မှာထက်ပေါ့နော်၊ ကျွန်တော်တို့ ဝီဂါတော်တော်များများကို ဒီဖက်နယ်စပ်တွေမှာ ကျွန်တော်တို့ တွေ့ရတာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူက များတယ်။ '

ဝီဂါမူစလင်တွေဟာ ၂ဝဝ၉ ခုနှစ် ဇူလိုင်လတုန်းက တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်မှာ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပြီး တရုတ်အစိုးရက အဆိုပါ မငြိမ်မသက်မှုကို အကြမ်းဖက် ဖြေရှင်းခဲ့ပါတယ် ။


source by : http://www.rfa.org