Friday, January 29, 2010

မြန်မာနဲ့ မြောက်ကိုရီးယား အထူးသတိထား စောင့်ကြည့်ဖို့လို

2010-01-29 ( RFA )

ဝါရှင်တန်ဒီစီအခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ကနေ အနုမြူစွမ်းအင် လိုချင်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား သံသယဖြစ်ဖွယ် အဆက်အသွယ်တွေ ရှိနေတာကို အထူးသတိထား စောင့်ကြည့်ဖို့ လိုကြောင်း အစီရင်ခံစာတစောင် ဇန်နဝါရီ ၂၈ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဝဲ) နှင့် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်မ်ဂျုပ်စစ် (ယာ)တို့ ပြုံယမ်းမြို့တော်၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင် ၂ဝဝ၈၊ နိုဝင်ဘာ ၂၂ရက်က တွေ့ဆုံနေပုံ ဖြစ်ပါသည်။
(Photo: RFA)

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အနုမြူစွမ်းအင်ဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီး၊ ခေတ်မီပစ္စည်းတွေကို နိုင်ငံခြားကနေ ဝယ်ယူနေကြောင်း၊ တချို့ပစ္စည်းတွေဟာ အနုမြူအစီအစဉ် ဒါမှမဟုတ်၊ ဒုံးပျံလက်နက် အစီအစဉ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း လက်ရှိမှာ မြန်မာနိုင်ငံအတွင်း လျှို့ဝှက်အနုမြူဓာတ်ပေါင်းဖိုတွေ အနုမြူစွမ်းအင် ထုတ်လုပ်ရေး အဆောက်အဦးတွေ ရှိနေပြီလို့ အထောက်အထား အခိုင်အမာ မတွေ့ ရသေးပေမဲ့လည်း၊ ရရှိထားတဲ့သတင်းတွေအရ၊ မြန်မာစစ်အစိုးရကို အနီးကပ် သတိထား စောင့်ကြည့်ဖို့ လိုနေပြီ ဖြစ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ အနုမြူစွမ်းအား အေဂျင်စီ (IAEA) ကို သုတေသန ပြုလုပ်ဖို့အတွက် အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်ရေးမှာ အကူအညီပေးဖို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်က၊ တောင်းခံခဲ့ပါတယ်၊ ဒါပေမဲ့ IAEA ကို အသိမပေးပဲ ရုရှားနိုင်ငံကနေ ၁ဝ မီဂါဝပ် ရှိတဲ့ အနုမြူဓာတ်ပေါင်းဖို တခု တည်ဆောက်ရေးအတွက် လျှို့ဝှက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၇ နှစ်မေလမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိတော့၊ စတင် ဆောက်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာအစိုးရကြား ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာကို၊ နိုင်ငံတကာ အနေနဲ့ ဥပက္ခာပြုလို့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနိုင်ငံကို အနုမြူဓာတ်ပေါင်းဖို့တခု လျှို့ဝှက်ရောင်းချခဲ့တာကို၊ ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့တွေဟာ အတော်အချိန်နှောင်းမှ သိခဲ့ရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနုမြူစွမ်းအင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရာမှာ မြန်မာနိုင်ငံကတဆင့် တင်သွင်းနေတာလည်း ဖြစ်နိုင်ပါသေးတယ်လို့ ISIS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းတွေ လျှို့ဝှက်လုပ်ကိုင်နေပြီ၊ ယူရေနီယံသတ္တုတွေ တူးနေပြီ စသည်ဖြင့် အဖွဲ့အစည်းအတော်များများက၊ ပြောနေကြတာဟာ၊ စစ်အစိုးရ အရာရှိဘဝကနေ ဘက်ပြောင်းလာသူတွေ ကောင်းကင်ဂြိုဟ်တုကရတဲ့ ဓာတ်ပုံတွေနဲ့ သံသယဖြစ်စရာ မြေအောက်လိုင်ခေါင်း ဓာတ်ပုံတွေကို အခြေခံပြီး ပြောနေကြတာ ဖြစ်ပေမယ့်လည်း၊ မြန်မာစစ် အစိုးရ လုပ်ရပ်တွေဟာ သတိထား စောင့်ကြည့်ဖို့ လိုနေပြီဖြစ်ကြောင်း စသည်ဖြင့် ISIS သိပ္ပံပညာ နဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၈ ရက် မနေ့က အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရိုလီက ဒီအစီရင်ခံစာကို လေ့လာရဦးမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ နိုင်ငံတကာ အနုမြူလက်နက် မပြန့်ပွားရေးနဲ့ ပတ်သက်ပြီး၊ မိမိတို့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုခဲ့တာတွေတော့ ရှိပါကြောင်း၊ ဖြေကြားသွားပါတယ်။


source by : http://www.rfa.org