Wednesday, January 27, 2010

သားကို တပ်ထဲကနေ အိမ်ပြန်ခေါ်ချင်တယ်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ၁၄ နှစ်သားအရွယ် သားဖြစ်သူကို ကလေးစစ်သားအဖြစ် ဖျားယောင်း ခေါ်ဆောင်ခံရကြောင်း မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် အမေတခု သားတခုအဖြစ် ရုန်းကန်နေကြသည်ဆိုသော မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းက မဇ္ဈိမကို ယနေ့ ပြောဆိုသည်။

မောင်ကျော်မင်းထွန်း (ခေါ်) ကျားမင်းသည် ယခုလ ၁၉ ရက်နေ့တွင် ခေါ်ဆောင်ခံရကာ ယခုအခါ မကွေးမြို့နှင့် တောင်တွင်းကြီး အကြားရှိ တပ်မ ၈၃ မိချောင်းရဲ စစ်တပ်တွင် သွပ်သွင်း ခံထားရကြောင်း သိရှိရသည်ဟု သားပျောက်မိခင်က ဆိုသည်။

သားဖြစ်သူကို တွေ့ဆုံခွင့်ရရှိရေးနှင့် နေအိမ်သို့ ပြန်ခေါ်နိုင်ရေးအတွက် ထိုတပ်သို့ သွားရောက်ခဲ့သော်လည်း ဂိတ်မှူးက တွေ့ခွင့်မပေးကြောင်းနှင့် သားဖြစ်သူ အိမ်ပြန်ရောက်လျှင် ကျေနပ်ပြီဖြစ်ကြောင်း သူက ပြောဆိုသည်။

ဤဖြစ်ရပ်မှာ အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် အသက် ၁၈ နှစ် မပြည့်သေးသူများကို စစ်သားအဖြစ် သွပ်သွင်းခြင်း ရပ်တန့်စေရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းစဉ်သက်တမ်းကို မကြာသေးမီက သက်တမ်း တနှစ် တိုးမြှင့်အပြီး မကြာခင်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းကို မဇ္ဈိမသတင်းထောက်ကျော်ခက မေးမြန်းတင်ပြထားသည်။

ကလေးရဲ့ ကိုယ်ရေး၊ ပြီးတော့ မိသားစုရေး အကျဉ်းချုံး ပြောပြပေးပါလားဗျာ။

ကျမသားလေး နာမည်က ကျော်မင်းထွန်း (ခေါ်) ကျားမင်းပါ။ မွေးသက္ကရာဇ်က ၁၉၉၅-၁၂-၂ဝ ရက်နေ့ကပါ။ အသက်က ၁၄ နှစ်ပါ။ မြို့ဦးမူလတန်းကျောင်းမှာ တတန်းပါ။ ကျောင်းက မထုတ်သေးဘူးဆိုပေမယ့်လည်း ကျောင်းဆက်မထားနိုင်ဘဲ ဖြစ်နေတာပေါ့။ ကျမတို့နေတာက တောင်တွင်းကြီး အောင်ဇေယျာ ကွက်သစ်ထဲမှာပါ။

ကျမနာမည်က မစန္ဒာဝင်းပါ။ ကျမခင်ပွန်းကတော့ ကျမသားလေး ၅ နှစ်သားကတည်းက ဆုံးသွားတာပါ။ ကျမက ဖရဲသီးစိပ်တွေ လိုက်ရောင်းပြီး အသက်မွေးဝမ်းကြောင်းနေတာပါ။ ကင်ဆာရောဂါလည်း ရှိတယ်။ အဆင်မပြေတဲ့အခါကျတော့ (ကလေးက) ကျောင်းမတက်တော့ဘဲနဲ့ ကျမကို ငုံးဥပြုတ် ရောင်းကျွေးတယ်။ သားက သွေးအန်တဲ့ ရောဂါလည်းရှိတယ်။ နောက်ပြီး လက်ကလည်း ကျိုးထားတယ်။

ဘယ်အချိန်တုန်းက ဘယ်လို ပျောက်သွားတာလဲ။ ပျောက်သွားတယ်ဆိုတာကရော ဘယ်လိုသိရလဲ။

ပျောက်သွားတာက ဒီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီလောက်က။ ကျမဈေးရောင်းက ပြန်လာတော့ အိမ်နီးချင်းတွေက ပြောတာပေါ့။ ကျော်မင်းထွန်းလေးကတဲ့ အဲဒီအချိန်လောက်က ကျမတို့အိမ် နောက်ကျောဘက်က အသိအိမ်ကို အလည်သွားတာ။

နိုင်ဝင်းက အဲနေ့က ကျမသားလေးကို ကောင်လေးတယောက်နဲ့ လွှတ်ပြီး လက်ဖက်ရည်ဆိုင်ဆိုပြီး ခေါ်ခိုင်းတယ်။ အဲဒီတပ်ကြပ်နိုင်ဝင်းက ရပ်ကွက်ထဲမှာ အိမ်လာလာလည်တယ်။ သူ့မိန်းမနာမည်က မသီတာထွန်းလို့ ခေါ်ပါတယ်ရှင့်။ သူတို့က တရပ်ကွက်ထဲမှာ နေပါတယ်။ အဲဒါနဲ့ ကျမသားလေးကို အရက်တွေတိုက်ပြီး သူ့စစ်ယူနီဖောင်းတွေ ဝတ်ပေးပြီးတော့ ဆိုင်ကယ်နဲ့ ခေါ်သွားတယ်လို့ ကျမတို့ရပ်ကွက်ထဲက တွေ့ခဲ့တဲ့ လူတွေက ပြန်ပြောပါတယ်။ သူတို့က ကျော်မင်းထွန်း ဘယ်လိုက်သွားမလို့လဲ မေးတော့ နိုင်ဝင်းက ခဏခေါ်သွားမလို့လို့ ပြောတယ်တဲ့။ အဲဒီနေ့ကတည်းက ကျမသားလေးက ပျောက်သွားတာ။

ကလေးက အခု ဘယ်တပ်ထဲမှာ ရောက်နေလဲ။ အာဏာပိုင်တွေကို တိုင်တာတို့ဘာတို့ လုပ်သေးလား။

သားလေးကို လိမ်ပြီးခေါ်သွားတဲ့ နိုင်ဝင်းဆိုတာက မကွေးနဲ့ တောင်တွင်းကြားထဲက တပ်မ ၈၃ မိချောင်းရဲ စစ်တပ်က ဒုတပ်ကြပ်ပါ။ သူ့ကိုယ်ပိုင်နံပါတ်က။ တ/၂၃၁၄၇၈ ပါ။ သူက ကျမသားလေးကို လိမ်ခေါ်သွားပြီးတော့ အဲဒီတပ်ထဲကပဲ ဗိုလ်ကြီးဇော်လင်းထွန်း ဆိုတဲ့လူကို လွှဲပေးလိုက်တယ်လို့ သိရပါတယ်။ ဘယ်မှတော့ မတိုင်ပါဘူး။ အဲဒီမှာရှိမယ်ဆိုတော့ အဲဒီကိုပဲ လိုက်သွားပါတယ်။

ကလေးရှိတဲ့နေရာကိုရော ဘယ်လိုလုပ်သိရတာလဲ။

ပြန်လွတ်လာတဲ့ သူနဲ့အတူတူ ပါသွားတဲ့ကောင်လေးက ပြောတာပါရှင့်။ သူ့နာမည်က ကိုဖြိုးတဲ့။ အသက်က ၁၉ နှစ် ဝန်းကျင်လောက်တော့ရှိပြီ။ သူက ၉ တန်း ကျောင်းသားပါ။ ကျမတို့နဲ့ တရပ်ကွက်ထဲ နေတာပါ။ သူ့ကိုလည်း အဲဒီနေ့ကပဲ အရက်တိုက်ပြီး ခေါ်သွားတာလို့ ပြောတယ်။ ကိုဖြိုးကိုမေးတော့ ကျနော်က ဒီဆေးရုံက လက်မှတ်ရယ်။ ဥက္ကဋ္ဌဆီက လက်မှတ်ရယ် ၄ သောင်းလောက် ကုန်ခဲ့တယ်တဲ့။ အဲဒါ ကြောင့် ကျနော်ပြန်လွတ်လာတာတဲ့။

တပ်ထဲကို လိုက်သွားသေးလား။ သားနဲ့တွေ့ရလား။

သွားတွေ့တော့ ဂိတ်မှူးတွေက သင်တန်းက ဆင်းတော့မှ တွေ့ခွင့်ပေးနိုင်မယ်လို့ ပြောတယ်။ အခု ဒီရက်ပိုင်းကတော့ ခင်ဗျား ဘယ်လိုပဲလာလာ တွေ့ခွင့်မပေးနိုင်ဘူးလို့ ပြောလွှတ်လိုက်ပါတယ်။ အဲဒီ ဂိတ်ပေါက်ဝမှာ ဝမ်းနည်းလွန်းလို့ ငိုယိုတောင်းပန်းတာကို မရပါဘူးရှင်။ အထဲမှာ ကျမသားလေးရော၊ ခေါ်သွားတဲ့ ဒုတပ်ကြပ် နိုင်ဝင်းရောရှိတယ်။ ခေါ်မပေးဘူး။ နိုင်ဝင်းနဲ့လည်း တွေ့ခွင့်မပေးဘူး ကျမကို။

အန်တီ့သားနဲ့ပါတ်သက်ပြီး ပြန်လွတ်လာတဲ့ ကိုဖြိုးကရော ဘာတွေများ ပြန်ပြောပြသေးလဲ ခင်ဗျာ။

အခုလွတ်လာတဲ့ ကိုဖြိုးက ပြောတယ်။ လိုက်ရင်တော့ မြန်မြန်လိုက်တဲ့ သူတို့ ဒီလထဲမှ မကွေးက ၈၈ ကို ဆေးစစ်ပို့တော့မှာတဲ့။ သေနတ်နဲ့ ထမင်းစားလည်း ခြိမ်းခြောက်၊ အိမ်သာတက်လည်း ခြိမ်းခြောက် လုပ်နေတယ်။ ကလေးကလည်း တော်တော်ကြိးကို ငိုနေတယ်တဲ့။ ကလေးက ထမင်းလည်းမစားနိုင် ဘာမှကို မလုပ်နိုင်ဘူး။ ကြောင်တောင်တောင်ကြီး ဖြစ်နေတယ်တဲ့။

အန်တီ့သား အခုလိုအဖမ်းခံရတာကိုသိတော့ အန်တီရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ အန်တီ့အနေနဲ့ရော ဘယ်လိုလုပ်မယ်လို့ စိတ်ကူးလဲ။

ကျမ မတရားကြီးကို ခံစားနေရပါတယ်ရှင်။ ကျမမှာ ဒီသားလေးတယောက်ထဲ ရှိတာပါ။ ကျမတို့မှာ အမေတခု သားတခုဘဝနဲ့ ရုန်းကန်နေကြရတာပါရှင်။ ကူညီကြပါဦး။ ကျမသားလေး အိမ်ပြန်ရောက်ရင် ကျမ ကျေနပ်ပါပြီ။ ကျမသားလေးက ၁၄ နှစ်ကျော်ပဲ ရှိသေးတယ်။

(ကိုဝိုင်း တည်းဖြတ်သည်။)

source by : http://www.mizzimaburmese.com