Tuesday, January 26, 2010

နိုဝင်ဘာ လွှတ်ပေးမယ်ဆိုတာ မထူးဆန်းကြောင်း အန်အယ်လ်ဒီ ပြောကြား

2010-01-25 ( RFA )

ဒေါ်အောင်ဆန်းစုကြည်ကို လာမဲ့ နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီသတင်းဟာ ထူးခြားမှု မရှိပဲ နေအိမ် အကျယ်ချုပ် ကန့်သတ်မိန့် ကုန်ဆုံးတဲ့ အချိန်ကိုသာ ပြောဆိုခြင်း ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။


အာဆီယံ အဖွဲ့ဝင် ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၂ဝဝ၉ မေလ ၁၉ရက်နေ့က ဖိလိပိုင်လူမျိုးများ တောင်းဆိုဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပါတီပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောဆိုခဲ့တဲ့ လွှတ်ရက် ကာလဟာ အသစ်အဆန်း မဟုတ်သလို ထူးခြားမှု မရှိပါဘူးလို့ ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ '၁၈ လပဲဗျ။ အဲဒါ ၁၈ လ ပြည့်တာပဲ။ ၁၈ လ မပြည့်ခင် မလွှတ်ဖူး ဆိုတဲ့ဟာတောင် ပြောင်းပြန်တွေးရင် ရတာပဲ။'

ဒါ့အပြင် ဒီသတင်းသာ မှန်ကန်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စောစော ပြန်လွှတ် လေမလား ဆိုတဲ့ အများပြည်သူ မျှော်လင့်ချက် တွေကိုပါ နည်းပါးသွားစေပါတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလထဲမှာ ပြန်လွှတ်မယ်လို့ ကျောက်ပန်းတောင်းမြို့ခံ ပြည်သူတွေကို ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့တာကို RFA က မနေ့ညပိုင်းနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက် အသံလွှင့်အစီစဉ်တွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလိုထုတ်လွှင့်ခဲ့အပြီး တခြား သတင်းမီဒီယာတွေမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဗိုလ်ချုပ်မောင်ဦး ပြောဆိုချက်နဲ့ ပတ်သက်လို့ ရန်ကုန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးလောက ဝေဖန်တုံ့ပြန်ချက်နဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။


နားဆင်ရန်




source by : http://www.rfa.org