Thursday, January 28, 2010

ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား

ရဲရင့်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၃၃) ဦးကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး နေရပ်ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူးက ပြောကြား လိုက်သည်။

စစ်ပြေး ဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုး ယာယီဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က ဒေသခံ သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

တိုင်းမှူးက “ဒီလူတွေ ထိုင်းဘက်မှာနေတာ (၈) လနီးပါးရှိပြီ၊ မြန်မာဘက်မှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး အေးချမ်းသွားပါပြီ၊ ဒီအချိန်မှာသူတို့ပြန်ဖို့လည်း သင့်တော်ပါပြီ။ တိုက်ပွဲရှိတဲ့အခါ ပြေးလာ မရှိတဲ့အခါတော့ ကိုယ့်နေရာကိုယ် ပြန်နေကြရမှာ ဖြစ်တယ်။ ဒီမှာနေရင် ဒီကပေးတဲ့ ရိက္ခာတမျိုးပဲရမယ်၊ ကိုယ့်မြေ ကိုယ့်ရေမှာဆိုရင် လုပ်စားကိုင်စားဖို့ ပိုပြီးအဆင်ပြေမယ်” ဟု ပြောသည်။

ထိုင်းဘက်မှ စစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ကန့်ကွက်လိုက်ပြီး လုံခြုံရေး အာမခံချက် အနေအထား မည်မျှရှိသည်ကို မသိရသည့် ဒေသသို့ ပြန်ပို့မည့်အစား နီးစပ်ရာ တရားဝင်ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့ပေးသင့်သည်ဟု ပြောသည်။

အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြန်မာဘက်ခြမ်းရှိ ၎င်းတို့နေအိမ်များအား ယနေ့နံနက် သွားရောက်ကြည့်ရှုခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်များတွင် ပါဝင်သူတဦးက “ဒီကေဘီအေ တပ်ဖွဲ့က မင်းတို့ အိမ်မှာပဲ နေရမယ်၊ အိမ်ပြင်ထွက်ရင် မိုင်းကိစ္စ ငါတို့တာဝန်မယူဘူးဆိုတော့ အကျယ်ချုပ်လိုပဲ နေရမယ့် သဘောဖြစ်နေတယ်။ ရိက္ခာလည်း မပေးဘူး၊ အရင်ပြန်တဲ့ လူတွေလည်း တလတခါ ထိုင်းဘက်ခြမ်းမှာပဲ ရိက္ခာ လာထုတ်ကြတယ်။ ဒီပုံနဲ့ ပြန်လို့တော့ မဖြစ်ဘူး၊ သူတို့ အတင်းဖမ်းပြီး ပြန်ပို့ရင်တော့ ပြန်ရမယ်၊ မပြန်လို့ ဘယ်လိုလုပ်မှာလဲ” ဟု ပြောသည်။

နေရပ်ပြန်မည့် ကရင်စစ်ပြေးဒုက္ခသည်များအတွက် လုံခြုံရေးကို တာဝန်ယူသော်လည်း မြေမြုပ်မိုင်း ကိစ္စနှင့်ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း ဒေသအခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချစစ်ဗျူဟာ တပ်ရင်း (၇) ၏ ဒုရင်းမှူး ဗိုလ်ကြည်လင်က ထိုင်းအခြေစိုက် သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

၎င်းက “ရွာသားတွေပြန်ရင် လုံခြုံရေးအတွက် အာမခံပေမယ့် မြေမြုပ်မိုင်းကိုတော့ အာမ မခံနိုင်ဘူး။ ကျနော်တို့နယ်မှာရှိတဲ့ မိုင်းတွေဟာ ကေအန်ယူက ထောင်ထားတာတွေ ဖြစ်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒုက္ခသည်အားလုံးရဲ့ ဆန္ဒကတော့ လက်ရှိ အနေအထားမျိုးနဲ့ ဘယ်သူမှ မပြန်ချင်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ ကံကြမ္မာကတော့ ထိုင်း အာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါဒုက္ခသည်များသည် ယမန်နှစ် ဇွန်လ ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည် တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများ ဖြစ်သည်။

မကြာမီပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှဖြစ်ပြီး ထိုင်းဘက်မှ ယာယီဖွင့်ထားပေးသည့် နောင်ဘိုးစခန်း အနီးပတ်ဝန်းကျင်တွင် ခိုလှုံနေသူများဖြစ်သည်။


source by : http://www.khitpyaing.org