Tuesday, January 26, 2010

သေဒဏ်အပြစ်ပေးခံရသူ ဗိုလ်မှူးဝင်းနိုင်ကျော်ကို နယ်ထောင်ပြောင်း

2010-01-25 (RFA )

နိုင်ငံတော် ထိပ်တန်း လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်ကနေ ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီထောင်ကို အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့တယ်လို့ ထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ RFA က သိရပါတယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်ရှိရာပြ မြေပုံတွင် အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)

သေဒဏ်အမိန့် စီရင်မှုနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ မိသားစုက ကြိုးစားနေတဲ့အချိန်မှာ အခုလို ထောင်ပြောင်းခံရတာ ဖြစ်ပါတယ်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် နဲ့ ပတ်သက်တဲ့သတင်း အဆက်အသွယ် အားလုံးဖြတ်ချင်တဲ့ အတွက် အာဏာပိုင်တွေဖက်က ထောင်ပြောင်းရွှေ့ခိုင်းတဲ့ သဘောမျိုး ယူဆရတယ်လို့လည်း မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီကနေ့ အင်းစိန်အကျဉ်းထောင်က လာတဲ့ သတင်းတွေအရ ထောင်တွင်း အထူးတရားရုံးမှာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲဆန္ဒ ခံယူတဲ့အချိန်က မဲရုံတွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ မှော်ဘီမြို့နယ်က ကိုငွေစိုးလင်းနဲ့ အမှုကို ကြားနာစစ်ဆေးခဲ့ပြီး လာမဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

အလားတူပဲ အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်နော်အုန်းလှနဲ့ အမှုတွဲတွေကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ ဒေါ်နော်အုန်းလှတို့ဖက်က သက်သေနှစ်ဦး ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။


source by : http://www.rfa.org