Saturday, January 30, 2010

တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ တိုက်တွန်း

2010-01-29 ( RFA )

အခုနှစ်အတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်မှု ရှိရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ် လိုအပ်ကြောင်း တိုက်တွန်းထားတဲ့ ကြေညာချက် တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်သူ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အခုလို တိုက်တွန်းရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက တိုက်တွန်းထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးရေးဟာ အဓိကကျတဲ့ ခြေလှမ်းဖြစ်ကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ရွေးကောက်ပွဲ မတိုင်ခင် တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးဟာ မလွဲမသွေ ဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရား တခုဖြစ်ကြောင်း မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ အရေးကိုလည်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းတဲ့ ဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဒီကြေညာချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

'တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း အပြန်အလှန် ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ သဘောထားဖြစ်သည့် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိမှုတို့အပေါ် နားလည် လက်ခံပေးခြင်းသည် တိုင်းပြည်အေးချမ်းသာယာ ဝပြောရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာမှုကို အလေးအနက်ထား ဆောင်ရွက်စေလိုပါသည်။'

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိပေမဲ့ အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံနိုင်ဖို့က မလွဲမသွေ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

နားဆင်ရန်



source by : http://www.rfa.org