Sunday, January 24, 2010

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား

2010-01-24 ( RFA )


ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၂ဝဝ၈ ခုနှစ် ဇွန်လက နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန့်ခွန်းပြောနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊

ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'

ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊

ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ'

ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။


source by : http://www.rfa.org