မြန်မာနိုင်ငံမှ ပြစ်မှုများစုံစမ်းရေး ကုလကော်မရှင်ဖွဲ့ဖို့
ဗြိတိသျှအမတ်များတိုက်တွန်း
ဗြိတိသျှအမတ်များတိုက်တွန်း
2009-12-10 ( RFA )
မြန်မာနိုင်ငံက စစ်အစိုးက ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး ဗြိတိန်အစိုးရက ဦးဆောင် ပံ့ပိုးပေးဖို့ ဗြိတိန် အတိုက်အခံ ပါလီမန်အမတ်တွေက ဒီဇင်ဘာ ၉ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်ပါလီမန်မှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူသားထုတရပ်အပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေအဖြစ် စုံစမ်းရေးကိစ္စဟာ ထိပ်ဆုံးက ပါဝင်နေကြောင်း၊ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ အမတ်အများစုဟာ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး ဗြိတိန်အစိုးရက ထောက်ခံပေးဖို့ ပြောဆိုခဲ့တယ်လို့ လန်ဒန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အမှုဆောင် ညွန်ကြားရေးမှူး Ms. Anna Roberts က ပြောပါတယ်။
Ms. Anna Roberts: အဓိက အတိုက်အခံပါတီကြီး ဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီက အမတ်တဦးဆိုရင် ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး မြန်မာနိုင်ငံအခြေအနေတွေ စုံစမ်းရေး ဗြိတိန်အစိုးရအနေနဲ့ ထောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။
အလားတူပဲ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC တည်ရှိတဲ့ နယ်သာလန်နိုင်ငံ the Hague မြို့မှာလည်း မြန်မာစစ်အစိုးရရဲ့ လူသားထုတရပ်လုံးပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ဥရောပ အစိုးရတွေက ထောက်ခံလာရေး လူ့အခွင့်အရေးအဖွဲ့တွေက ၂ ရက်ကြာဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ CSW အာရှရေးရာ တာဝန်ခံ Mr. Benedith Rogers က မြန်မာနိုင်ငံက ပြစ်မှုတွေရဲ့ အခြေအနေတွေကို နိုင်ငံတကာ သိလာနေ ပြီဆိုတာ သေချာပါတယ်လို့ RFA ကို ပြောပြပါတယ်။
Mr. Rogers ။ ။ 'မြန်မာစစ်အစိုးရ ပြစ်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဆိုတာ နိုင်ငံတကာအကြား ပိုသိမြင်လာကြပါတယ်။ The Hague မြို့မှာ ဆွေးနွေးတဲ့ ဒီပွဲဟာလည်း မြန်မာပြဿနာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေက ပိုသိရှိလာဖို့နဲ့ ဒီကနေ့မှာ စိတ်ကူးအကြံဥာဏ်တွေ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရရှိဖို့ လုပ်ဆောင်တာပါ။'
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
စုစည်း တင်ပြမှုအား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။
မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။