Saturday, December 12, 2009

ကိုညီညီအောင်အမှု အမေရိကန် မျက်ခြေမပြတ်စောင့်ကြည့်နေ

ကိုညီညီအောင်အမှု အမေရိကန် မျက်ခြေမပြတ်စောင့်ကြည့်နေ

2009-12-12 ( RFA )

အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇော်လွင်ခေါ် ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ် စောင့်ကြည်နေတယ်လို့ ဒီဇင်္ဘာလ ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Kelly က ပြောဆိုပါတယ်။

မနေ့က အမှုချိန်းရှိပေမယ့် ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ ကိုညီညီအောင် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ခုလို ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တာပါ။ ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို Mr. Kelly က ဖြေဆိုရာမှာ မိမိတို့အနေနဲ့ ကိုညီညီအောင်အမှုကိစ္စနဲ့ ပတ်သက်ပြီး သိရှိပါကြောင်း၊ သံရုံးအနေနဲ့ မြန်မာအာဏာပိုင်တွေကို ဆက်သွယ်ပြီး အသိပေးခဲ့ကြောင်း၊ ကိုညီညီအောင် ကောင်းမွန်စွာ နေထိုင်ရရေးအတွက်ပါ ဆောင်ရွက်ခဲ့ပါတယ်လို့ ပြောပါတယ်။

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။ သံရုံးနဲ့ တွေ့ဆုံခွင့် ပေးပါသလားလို့ သတင်းထောက်တွေက မေးရာမှာ Mr. Kelly က တွေ့ဆုံခွင့်ရမယ်လို့ ထင်ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ရာနှုန်းပြည့် သေချာအောင်လုပ်ဖို့ လိုပါသေးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့က ရရှိတဲ့ သတင်းတွေအရ ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့ပြီးချိန် နောက်ပိုင်း အမေရိကန် သံရုံးအနေနဲ့ ကိုညီညီအောင်ကို တွေ့ဆုံခွင့် မရသေးဘူးလို့ ပြောဆိုနေကြပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။