Saturday, December 12, 2009

ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန်

ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန်

2009-12-12 ( RFA )

အဖမ်းဆီးခံ ကိုညီညီအောင်ကို ရှေ့နေနဲ့ တွေ့ခွင့်မပေးခြင်းဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကိုညီညီအောင်ရဲ့အပြည်ပြည်ဆိုင်ရာ အကြံပေးရှေ့နေက ဒီဇင်္ဘာလ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်ရဲ့အမှုအတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom Now အဖွဲ့က ရှေ့နေ Ms. Beth Schwanke က အာအက်ဖ်အေကို ပြောဆိုခဲ့တာပါ။

ကိုညီညီအောင်နဲ့ ပတ်သက်ပြီး Freedom Now အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ကိုညီညီအောင်ရဲ့အမှုကို ရက်ရွှေ့ဆိုင်းပြီး ရှေ့နေနဲ့ တွေ့ဆုံခွင့် မပေးတာဟာ ဗီယင်နာ သဘောတူညီချက် ပုဒ်မ ၃၆-၁ အပိုဒ်ခွဲ (ဂ) နဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကိုညီညီအောင်ရဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေ Ms. Beth Schwanke က ကိုညီညီအောင်ကို ဖမ်းဆီးခဲ့တာဟာလည်း ဥပဒေနဲ့ ကိုက်ညီခြင်းမရှိဘဲ အမှုဆင် ဖမ်းဆီးတယ်ဆိုတာ သံသယရှိစရာတွေ အများကြီးဘဲလို့ ဆိုပါတယ်၊

ပထမ ဖမ်းခဲ့တဲ့အချိန်က နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ ဖမ်းခဲ့ပြီး နောက်ပိုင်းမှာ စာရွက်စာတမ်း အတုပြုလုပ်မှု ဥပဒေတွေ ထပ်တပ်ပါတယ်။ နောက်ပိုင်းမှာ ဆက်ပြီး ငွေကြေးအမှုတွေနဲ့ စွပ်စွဲတာဖြစ်တယ်လို့ Ms. Beth Schwanke က ပြောပါတယ်။ တကယ်တော့ ကိုညီညီအောင်ကို ဖမ်းတဲ့အချိန်က လေဆိပ်ထဲအဝင် အကောက်ခွန်ဂိတ်ကိုတောင် ဖြတ်ရသေးတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းထားပြီး စစ်ဆေးချိန်မှာလည်း နှိပ်စက်တာ ခံရသလို ၁၇ ရက်တိတိ သံရုံးနဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့ ပြောပါတယ်။

ကိုညီညီအောင်ကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားပါသလဲလို့ မေးကြည့်တဲ့အခါမှာ ကိုညီညီအောင်အမှုကို တရားနည်းလမ်းတကျ ဆောင်ရွက်ဖို့ စစ်အစိုးရကို တောင်းဆိုနေတာ ဖြစ်သလို အမေရိကန်အစိုးရကိုလည်း ကိုညီညီအောင် လွတ်မြောက်ရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးပြီး စစ်အစိုးရကို ချဉ်းကပ်ဘို့ လိုတယ်လို့ Ms. Beth Schwanke က ပြောပြသွားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။