Monday, December 7, 2009

ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည်

ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂ဝဝ၉



ရန်ကုန်မြို့လယ် ဆိုင်တဆိုင်တွင် ကော်ဖီသောက်ရင်း အင်တာနက် သုံးစွဲနေသည့် လူငယ်တချို့။ ရန်ကုန်တွင် ကြိုးမဲ့ အင်တာနက် (ဝိုင်ဖိုင် အင်တာနက်) အသုံးပြုခွင့်ရမည်ဟူသော သတင်း နှစ်ဆန်းပိုင်း ထွက်ပေါ်လာပြီး ယခုမှ အမှန်တကယ် သုံးနိုင်ခြင်း ဖြစ်သည်။ ကြိုးမဲ့ အင်တာနက် စနစ်အရ ကွန်ပျူတာတွင် တယ်လီဖုန်း လိုင်းကြိုး တပ်ဆင်ရန် မလိုဘဲ Prepaid WiFi Card တွင် ပါဝင်သည့် အမည်နှင့်လျှို့ဝှက်နံပါတ်များ ထည့်သွင်းပြီး အင်တာနက် သုံးနိုင်မည် ဖြစ်သည်။
(ဓာတ်ပုံ-မိုးမခ)


အင်တာနက်ဆိုတာဟာ သူတို့အတွက် သတင်း အချက်အလက်တွေ ပေါက်ကြားစေတဲ့အရာ၊ ပြင်ပမှ သတင်းအချက်အလက်တွေ ဝေဘန်မှုတွေ အမြင်တွေ ဝင်ရောက်လာစေတဲ့ ဆက်သွယ်ရေးစနစ်လို့ နအဖ အစိုးရက ယေဘုယျအားဖြင့် နားလည်ထားပါတယ်။

အင်တာနက်ဆိုတာဟာ သူတို့အတွက် သတင်း အချက်အလက်တွေ ပေါက်ကြားစေတဲ့အရာ၊ ပြင်ပမှ သတင်းအချက်အလက်တွေ ဝေဘန်မှုတွေ အမြင်တွေ ဝင်ရောက်လာစေတဲ့ ဆက်သွယ်ရေးစနစ်လို့ နအဖ အစိုးရက ယေဘုယျအားဖြင့် နားလည်ထားပါတယ်။

ထို့အတွက်ကြောင့် သူတို့ရဲ့လုံခြုံရေးအတွက် အင်တာနက်ကို တနည်းမဟုတ် တနည်းနဲ့ ထိမ်းချုပ်ထားလိုတဲ့ အစိုးရအနေနဲ့ တဖက်မှာလည်း နအဖ ခေါင်းဆောင်ပိုင်းက သားသမီးတွေရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိနေတဲ့ အတွက် လုံခြုံရေးနဲ့ အကျိုးစီးပွား တို့ရဲ့ ဝိရောဓိ ဖြစ်တာကို တွေ့မြင်နေရပါတယ်။

တရုတ်နိုင်ငံတို့လို အင်တာနက်ကို အဆင့်မြင့် နည်းပညာ၊ အတတ်ပညာတွေနဲ့ တင်းကျပ်စွာ မထိန်းချုပ်နိင်တဲ့အတွက် အင်တာနက်လိုင်းကို ကုန်ကျစရိတ်မြင့်ထားဖို့၊ လိပ်စာတွေ၊ မှတ်ပုံတင် အမှတ်တွေ အလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ထားဖို့၊ အင်တာနက်ဆိုင်တွေမှာလည်း သုံးစွဲသူတွေကို နိုင်ငံရေး ဝက်ဆိုက်တွေ မကြည့်ရအောင် စောင့်ကြည့်၊ ပြောဆိုဖို့ ဖိအား ပေးထားပါတယ်။

အခုလ ၁ ရက်နေ့မှာ စတင် ရောင်းချမယ့် ကြိုတင်ငွေပေး ဝိုင်ဖိုင်ကဒ်နဲ့ ရန်ကုန်မြို့ရဲ့ နေရာ ၆ နေရာမှာ အင်တာနက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ယခု ကဒ်ကို Prepaid WiFi Card လို့ ခေါ်ဆိုပြီး ရောင်းချတဲ့ ကုမ္ပဏီကတော့ Redlink Communication Company ပါ။ Redlink ကုမ္ပဏီဟာ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးနဲ့ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့သား တိုးနိုင်မန်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အများသုံး အင်တာနက်လိုင်းတွေ စတင် မိတ်ဆက်ပေးခဲ့တာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ သားဖြစ်ပြီး အဲဒီနောက် အိုင်တီနဲ့ နည်းပညာ ဈေးကွက်ထဲမှာ နအဖ ဗိုလ်ချုပ်သားသမီး အတော်များများလည်း ဝင်ရောက် လုပ်ကိုင်လျက်ရှိကြပါတယ်။

ယခု စတင်ရောင်းချတဲ့ ၁၅နာရီ ကဒ်ကို ၅ဝဝဝ ကျပ် လို့ ဆိုတဲ့အတွက် တနာရီ ၃၃ဝ ကျပ် ဝန်းကျင် ကျသင့်ပါတယ်။ နောက်ပိုင်းမှာတော့ နာရီ ၃ဝ၊ နာရီ ၄ဝ သုံးလို့ရတဲ့ ကဒ်တွေ ရောင်းချဖို့ အစီအစဉ်ရှိတယ် လို့လည်း ဂျာနယ် သတင်းများ အရ သိရပါတယ်။

လက်ရှိ ကြိုးမဲ့ အင်တာနက် (ဝိုင်ဖိုင် အင်တာနက်) သုံးစွဲနိုင်သည့် နေရာများမှာ စီတီးမတ် ဆိုင်ခွဲ သုံးနေရာ ဖြစ်တဲ့ မြေနီကုန်းစီတီးမတ်၊ ပုဇွန်တောင် အိစ်ပွိုင့်၊ ကိုးမိုင် နော့သ်ပွိုင့် ၊ အင်းယားကန် နဘေးရှိ စိမ်းလန်းစိုပြေ စားသောက်ဆိုင်ဧရိယာ၊ ကန်တော်ကြီး ကရဝိတ်၊ မြရိပ်ညိုဟိုတယ် sport bar တို့ ဖြစ်ပါတယ်။

နိုင်ငံတကာမှာလို ကော်ဖီဆိုင်တွေ၊ တက္ကသိုလ်ကျောင်းဝင်းတွေ၊ အများစာကြည့်တိုက်တွေမှာ အခမဲ့ ဝိုင်ဖိုင် တပ်ဆင်ထားခြင်း မရှိသေးပါဘူး။ ယခု လုပ်ဆောင်တဲ့အစီအစဉ်ဟာ သတင်း ကိုယ်ရေး ကိုယ်တာ အချက်အလက် လုံခြုံစိတ်ချရစေဖို့ အင်တာနက်ကို မိမိကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးစွဲလိုသူများ အတွက် အဆင်ပြေမယ်လို့ ရန်ကုန်ရှိ အိုင်တီ နည်းပညာ စိတ်ဝင်စားသူ တဦးက ပြောပါတယ်။

`အင်တာနက်ကို အရင်က လူတယောက်ရဲ့ ကိုယ်ရေး အချက်အလက်နဲ့ သုံးတဲ့ တယ်လီဖုန်းနံပါတ်နဲ့၊ လိပ်စာနဲ့ ချိတ်ဆက်ထားခဲ့တာ၊ အများသုံး အင်တာနက်ဆိုင်လိုကျတော့လည်း ဘယ်လောက်ထိ လုံခြုံ စိတ်ချရသလဲဆိုတာ မသိနိုင်ဘူး၊ တချို့ဆိုင်မှာ ပြည်ပက အတိုက်အခံ လုပ်သူနဲ့ ချက်တင် လုပ်မိသူတွေ နောက်ရက်မှာ အဖမ်းခံရတာ၊ သတိပေးခံရတာတွေ ရှိခဲ့တော့ လုံခြုံမှု မရှိတာတော့ အမှန်ပဲ၊ အခုလို ဒိုင်ရယ်အပ် (Dial up) ထက်လည်းမြန် ကိုယ်ပိုင်ကွန်ပျူတာနဲ့လည်း သုံးနိုင်တဲ့ အခြေအနေက မဆိုးဘူးလို့ ဆိုရမယ်´ဟု အဆိုပါ စိတ်ဝင်စားသူက ပြောပါတယ်။

ယခုလောလောဆယ်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ကော်ဖီဆိုင် တချို့တွင် ကော်ဖီသောက်သုံးပါက ဝိုင်ဖိုင် အင်တာနက် အခမဲ့ သုံးခွင့်ရှိတာ ကို တွေ့ရပါတယ်။

နအဖ အစိုးရအတွက် အာဏာတည်မြဲရေး အတွက် ဆက်သွယ်ရေး နည်းပညာသစ်များကို ပိတ်ပင်လိုတဲ့ ဆန္ဒက တဘက်မှာ ရှိသလို အခြားတဘက်မှာ သူတို့ရဲ့ မိသားစုဝင်များ ကိုယ်တိုင်ရဲ့ ကိုယ်ကျိုးစီးပွားကတဘက် လွန်ဆွဲလျက်ရှိတဲ့ ယခုလို အဖြစ်အပျက်များကိုလည်း တွေ့မြင်နေရပါတယ်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။