Wednesday, December 9, 2009

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ
အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို


မင်းနိုင်သူ/ ၉ ဒီဇင်ဘာ ၂၀၀၉


ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင်ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး၏ စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်ဆိုသည့် ဆောင်းပါး၌ ရေးသားဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုလိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံပေးစာကို ပြည်ပမီဒီယာများနှင့်ပေါင်းကာ ကြိုဖွခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့သဘောထားကို ထင်ဟပ်တတ်တယ်ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံအဆင့်နဲ့ ရေးသားနေသူသာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဆီကို တိုက်ရိုက်တင်ပြထားတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှုရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါးနိဂုံးမှာလည်း တွေ့ဆုံမှုဖြစ်လာဦးမယ့်သဘော ရေးထားတာလည်းရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာနှစ်စောင်နှင့်စပ်လျဉ်းပြီး နအဖစစ်အစိုးရရှုထောင့်မှ သုံးသပ်တင်ပြထားခြင်းဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲထံ အိတ်ဖွင့်ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုးဝေဖန်သွေးထိုးရင်း တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီရေးသားထားသည်။

ပေးစာနှစ်စောင်နှင့်စပ်လျဉ်း၍လည်း “ဒီပေးစာနှစ်စောင်ကို ကြည့်ရင် ရိုးသားမှုမရှိတာတွေ့နိုင်ပါတယ်။ တကယ်တော့ နိုင်ငံတော်အစိုးရကို ရိုးရိုးသားသားချဉ်းကပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားတာမျိုးသာဖြစ်သင့်ပါတယ်။ အခုတော့ မရိုးသားတဲ့သဘော၊ ကိုယ်ကောင်း သူများဆိုး ဖြစ်အောင် လုပ်တဲ့သဘောဖြစ်နေပြီး တည်ဆဲအစိုးရရဲ့ Image ပျက်အောင် ရည်ရွယ်လုပ်သလို မျိုးလို့ပဲ ကျနော် ခံစားမိပါတယ်” ဟုလည်း ဆောင်းပါးရှင်က မှတ်ချက်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီတို့အနေဖြင့် ပေးစာ (၂) စောင်ပေးပို့ရာတွင် ပထမအကြိမ်က ပါတီကြေညာချက်နှင့်အတူ ပူးတွဲထုတ်ပြန်ခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင်လည်း အန်အယ်လ်ဒီလူငယ်အဖွဲ့က မီဒီယာများသို့ တိတ်တဆိတ် ကြိုဖြန့်ခဲ့ကြောင်း၊ မီဒီယာများမှတဆင့် တည်ဆဲအစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသည်။

ဆောင်းပါးရှင်က အဆိုပါ စာနှစ်စောင်ကိစ္စအပြင် ၂၀၀၇ ခုနှစ်အတွင်း မစ္စတာ ဂမ်ဘာရီလာရောက်စဉ်က ဂမ်ဘာရီမှတဆင့် စင်ကာပူနိုင်ငံတွင် တဖက်သတ်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတို့သည် မရိုးသားသည့် သဘောထားဖြင့် မီဒီယာကို အသုံးချကာ လက်ဦးအောင်ဖွနေသည်မှာ (၃) ကြိမ်တိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါရေးသားချက်များနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “ကျနော်တို့ တရားဝင်ရပ်တည်ဆဲဖြစ်တဲ့ ပါတီရဲ့လှုပ်ရှားမှုတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနိုင်ခွင့်မရှိဘူး။ အဲဒီအခါမှာ ပြည်ပမီဒီယာတွေက ကျနော်တို့ကို မေးတယ်၊ မြန်းတယ်၊ ဆက်သွယ်တယ်။ ကျနော်တို့ကလည်း မီဒီယာကိုတုံ့ပြန်ရမယ့် ၀တ္တရားရှိသည်နဲ့အညီ ပြောတယ်၊ ဆက်ဆံတယ်။ ဒါကလွဲပြီး ကျနော်တို့က မီဒီယာနဲ့ ပုလင်းတူဘူးဆို့ လုပ်ခြင်းသော်လည်းကောင်း၊ မီဒီယာကို ခိုင်းစားခြင်းမျိုး၊ အသုံးချခြင်းမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီ ထုံးတမ်းစဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒါကို သူတို့ နားမလည်ဘူး။ သူတို့အကျင့်စရိုက်အတိုင်းပဲ ထင်နေကြတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၂) စောင်အနက် နောက်ဆုံးတစောင် စောလျင်စွာ မီဒီယာသို့ ပေါက်ကြားရသည့်အတွက်မူ စိတ်မကောင်းဖြစ်ရသော်လည်း ပထမအကြိမ်စာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားဖြင့် လုံလောက်သည့် အချိန်ပေးပြီးမှ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်
မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။ အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ထုတ်ပြန်ခဲ့သည်။

ဒုတိယပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းပေးပို့ခဲ့သည်။

သို့သော် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသော ပေးစာသည် ပြည်ပမီဒီယာများတွင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုးရှိစေမည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နအဖအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း ရေးသားဖော်ပြထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။