Monday, December 7, 2009

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ

2009-12-07 ( RFA )


စက်တင်ဘာလအတွင်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ဟာ အင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ဒီဇင်ဘာ ၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက ကိုညီညီအောင်ကို ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ကိုညီညီအောင် ဘာကြောင့် ဆန္ဒပြနေတယ်ဆိုတာနဲ့ သူမ မြင်တွေ့ခဲ့တဲ့ အခြေအနေကို RFA ကို ခုလိုပြောပြပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'လွတ်လပ်မှုမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ ဖိနှိပ်ချုပ်ချယ်တယ် ဆိုပြီး အဲဒီသုံးခုနဲ့ သူ ဟမ်းဂါးစထရိုက် လုပ်နေတယ်။ သူအဲဒါ မရမချင်း သူအစာမစားဘူးလို့ ပြောလိုက်တယ်။ ၁၂ နာရီခွဲလောက်က တွေ့ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့လို့ရတယ်။ ဖုန်းနဲ့ ပြောရတယ်။ သူလည်း ပြောတယ်။ အစတုန်းကလိုတော့ အရမ်းကြီး မပြောနိုင်ဘူးပေါ့။ မောမယ်ဆိုပြီး ၁၅ မိနစ်လောက်ပဲ။ အချိန်ပြည့်အောင် ကျမတို့မပြောဘူး ၊ သူ့ကြည့်ရတာလည်း အရမ်း မောနေတာပေါ့။ ကျန်းမာရေးအခြေအနေက ကောင်းတယ် မစိုးရိမ်နဲ့လို့တော့ သူပြောပါတယ်။ ကျမထင်တာကတော့ သောကြာနေ့ ရုံးထုတ်တုန်းက ဘာမှမဖြစ်ဘူး ဆိုတော့ စနေနေ့က စတာ ထင်တယ်။'

ခုလိုအစာငတ်ခံ ဆန္ဒပြနေတာဟာ သူ့အတွက်မဟုတ်ပဲ အကျဉ်းကျနေသူ အားလုံးအတွက် လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ ထောင်အာဏာပိုင်တွေဘက်ကတော့ ဘယ်လိုမှ တုံ့ပြန်ပုံ မရသေးဘူးလို့ ဒေါ်ခင်ခင်ဆွေက ဆက်ပြောပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'သူကို ဘယ်လိုကောင်းကောင်းထားထား ၊ သူမြင်နေရတာဟာ လုံးဝကို ဖိနှိပ်ချုပ်ချယ် တယ် ပေါ့နော်၊ ဝန်ထမ်း တွေက အစက ပြောတဲ့အတိုင်းပဲ သူတို့ စဉ်းစားဥာဏ်နဲ့ မလုပ်ဘူးတဲ့ ၊ ဦးနှောက် ရှိပြီး ဦးနှောက် အသုံးမပြုဘူးလို့ ပြောပါတယ်။ သူအသက်ရှင်နေတာ အစာစားဖို့အသက်ရှင်နေတာ မဟုတ်ဘူး ၊ အသက်ရှင်ဖို့ အစာစားတာတဲ့၊ အစာစားဖို့ အသက်ရှင်တယ်ဆိုတာ တိရိစ္ဆာန်ဖြစ်သွားမယ်တဲ့။ အဲဒါကို ထပ်ကာတလဲလဲ သူပြောတယ်။'

ကိုညီညီအောင်ကို တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ လိမ်လည်မှုနဲ့ မှတ်ပုံတင်အတု ပြုလုပ်မှု စတာတွေနဲ့ စွဲချက်တင် စစ်ဆေးနေပြီး အင်းစိန်ထောင် အဆောင်အမှတ် ၈ မှာ ချုပ်နှောင်ထားတာပါ။
ကိုညီညီအောင်ရဲ့ မိခင် ဒေါ်စန်းစန်းတင်ဟာလည်း မိတ္ထီလာထောင်မှာ အကျဉ်းကျခံနေရပြီး မောင်နှမဝမ်းကွဲ တော်စပ်သူတွေ ဖြစ်တဲ့ မနိုးနိုး၊ ကိုကျော်စွာဌေး၊ ၈၈ ကျောင်းသူ မသက်သက်အောင်၊ မသက်သက်အောင်ရဲ့ ခင်ပွန်း ကိုချစ်ကိုလင်း တို့ဟာလည်း ဝေးလံတဲ့ ထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရသူတွေ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။