Thursday, November 18, 2010

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ရောက် ပီနန်ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်


ဂျပန်နိုင်ငံရှိ League for Democracy in Burma (LDB)၏ ဥက္ကဋ္ဌလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၊ ၂၀၁၀ရွေးကောက်ပွဲ မသမာမှုစောင့်ကြည့်ရေး ဆပ်ကော်မတီ၏ တာဝန်ခံ တဦးလည်းဖြစ်သူ ဦးကျော်ကျော်စိုးသည် ဂျပန်နိုင်ငံသို့ ခေတ္တကြွရောက်လျက်ရှိသော ပီနန်ဆရာတော်ဘုရားကြီး၏ ဆင့်ခေါ်မှုကြောင့် ဆရာတော်ဘုရားအား သွားရောက်ဖူးတွေ့ ခဲ့ပါသည်။

ဆရာတော်မှ ဂျပန်နိုင်ငံ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စိတ်ဝင်တစားနှင့် မေးမြန်းဆွေးနွေးပြီး ဦးကျော်ကျော်စိုး၏ ဟီရိုရှီးမားခရီးစဉ်နှင့် ပါတ်သက်၍မေးမြန်းခဲ့ရာ ဦးကျော်ကျော်စိုးမှ ဟီရိုရှီးမား အစည်းအဝေးတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားအပါအဝင် နိုဘလ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသောကြောင့် အလွန်တရာမှ ဝမ်းမြောက် ဝမ်းသာ ဖြစ်လျက် ရှိကြကြောင်းကို ဆရာတော်ဘုရားအား လျှောက်ထားပါသည်။ ဆရာတော်ကြီးသည် ဦးကျော်ကျော်စိုး၏ လျှောက်ထားချက်များကို စိတ်ဝင်တစားနားထောင်ပြီး ဆရာတော်ကြီးမှလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းအတွက် အလွန်တရာမှ ဝမ်းမြောက်ကြောင်းမိန့်ကြားခဲ့ပါသည်။

တဆက်တည်းမှာပင် ဆရာတော်ကြီးက ဦးကျော်ကျော်စိုးအား
အေး......အောင်ဆန်းစုကြည်အတွက် ဘုန်းကြီးပြောချင်တဲ့ စကားနည်းနည်းရှိတယ် ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပီနန်ဆရာတော် ဘုရားအနေဖြင့် အောက်ပါစကားများကို မိန့်ကြားခဲ့ပါသည်။


ဆရာတော်ဘုရားက ဒေါ်အောင်ဆန်းစုကြည်အနေနှင့်.....

(၁) လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်ဖို့ လိုအပ်တယ်။ လိမ္မာပါးနပ်မှုရှိဖို့ လိုအပ်ပါတယ်။

(၂) လုပ်စရာရှိတာတွေကို စနစ်တကျနဲ့ အစီအစဉ်ဆွဲပြီးလုပ်ပါ၊ ဒါမှအောင်မြင်မှုရမှာ။ ဟိုဘက်ကလူတွေက ဘာကိုပဲ လုပ်လုပ် သေသေချာချာ စနစ်တကျ အစီအစဉ်တကျ လုပ်တဲ့အတွက် သူတို့က ဘုန်းကြီးတို့ကို အသာစီးနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်တဲ့။

(၃) နောက်ပြီးတော့ အောင်ဆန်းစုကြည်က outspoken ဖြစ်တယ်။ တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဒါမျိုးပြောလို့ ရှိရင် ဘာမှမဖြစ်ဘူး၊ အားလုံးက နားလည်ကြတယ်၊ နားထောင်ကြတယ်၊ ဘုန်းကြီးတို့နိုင်ငံက ငနဲတွေက ဒါမျိုး မဟုတ်ဘူး၊ ဒီတော့ နည်းနည်းလျှော့ပြီးပြောဖို့ လိုလိမ့်မယ်တဲ့။

(၄) ကိုယ့်ရဲ့အင်အားစုတွေကို organize ကောင်းကောင်းလုပ်ပါ။ ဒါမှ လိုတဲ့အချိန်မှာ စုစုစည်းစည်းနဲ့ လုပ်နိုင် မှာဖြစ်တယ်တဲ့။

(၅) audience ရဲ့အဆင့်ကို နားလည်ပါတဲ့။ ပြည်သူတွေကို ပညာပေးပါတဲ့။ ဘုန်းကြီးတို့ ပြည်သူအများစုက ဒီမိုကရေစီဆိုတာကို ကောင်းကောင်းနားလည်ကြသေးတာ မဟုတ်ဘူး၊ နောက်ပြီး လူတွေကို အသိပညာ အတွေးအခေါ်မြင့်မားလာအောင် လုပ်ပေးဖို့ လိုတယ်။

ဒါမှတိုင်းပြည်တိုးတက်မှာ........... လို့လည်း မိန့်ပါတယ်။

ဆရာတော်ဘုရားရဲ့ မိန့်မှာစကားများဟာ တကယ်ကို ထိထိမိမိနဲ့တန်ဖိုးရှိလှပါတယ်။ အထူးသဖြင့် ယခုအချိန်မှာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ ဆန္ဒအမှန်၊ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်နေတဲ့ စကားတချို့ကို ဆရာတော်ကြီးက အားလုံးကိုယ်စား ပြောပေးလိုက်သလိုပါပဲ။

ဒီစကားများကို ဒေါ်အောင်ဆန်းစုကြည် ကြားသိစေလိုသော ဆန္ဒကြောင့် ယခုကဲ့သို့ ဦးကျော်ကျော်စိုး၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်အတွက် လှုပ်ရှားလုပ်ကိုင်နေတဲ့ သူအားလုံးအတွက်လည်း ဆရာတော်ဘုရားက ယခုကဲ့သို့ မိန့် ကြားခဲ့ပါသည်။

(၁) တယောက်နဲ့ တယောက် ညီညီညွတ်ညွတ် ရှိကြပါ။

(၂) အဖြစ်အပျက် အကြောင်းအရာမှန်သမျှကို analyse လုပ်ပါတဲ့။ ဒါမှ ဘာကိုဆက်လုပ်ရမလဲဆိုတာ နားလည် မှာဖြစ်တယ်တဲ့။ ငွေကြေးတောင့်တင်းအောင်လုပ်ကြပါတဲ့။ အဖွဲ့အစည်းနဲ့ လုပ်ကြပြီဆိုရင် ငွေကြေးကုန်ကျမှုတွေများတာမို့ ထိထိရောက်ရောက် ရှိဖို့ဆိုရင် ငွေကြေးသုံးနိုင်ဖို့ လိုအပ်တယ်။

(၃) ကိုယ့်အား ကိုယ်ကိုးပါတဲ့။ နိုင်ငံခြားအကူအညီဆိုတာ political interest, economic interest တွေပါတယ်ကွ၊ ဘယ်သူမှ ကိုယ့်အကျိုးတခုခု မရှိပဲနဲ့တော့ အကူအညီပေးမှာမဟုတ်ဘူး၊ NGO တွေမှာ ကိုယ်ကျိုး ဆိုတာပါဝင်ကြတာပဲ။
ဥပမာ - နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့ UNHCR တို့လည်း သူတို့ အကျိုးစီးပွားပါကြတာပဲ။ ဒါပေမဲ့ သူတို့လို အဖွဲ့တွေကိုလည်း ပစ်ပယ်လို့ မရဘူး။

ဘုန်းကြီးတို့ မလုပ်နိုင်တာတွေကို သူတို့ လုပ်နိုင်တာတွေရှိလို့ပဲ။ ဒီတော့ သူတို့လို အဖွဲ့တွေရဲ့ အကူအညီကတော့ လိုအပ်တာပဲလို့....... မိန့်ခဲ့ပါတယ်။

သက်တော်ကြီးရင့်တာနှင့်အမျှ အတွေးအခေါ်အတွေ့အကြုံလည်း ရင့်ကျက်ပြည့်ဝသော၊ ခေတ်မီသော အတွေးအခေါ် အယူအဆလည်းရှိသော၊ ပီနန်၊ ကွာလာလမ်ပူ၊ စင်္ကာပူ၊ အမေရိကန်၊ သြစတြေးလျား၊ အင်္ဂလန် စတဲ့နိုင်ငံတွေမှာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ တည်ထောင်ပေးနိုင်ခဲ့သော ပီနန်ဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒများကို နာယူမှတ်သားရင်း စစ်မှန်၍ လူ့အခွင့်အရေး အပြည့်အဝရှိသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ကျမတို့အားလုံး ဆက်လက် ကြိုးစားသွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။


မှတ်ချက် ။ ။ ပီနန်ဆရာတော်ဘရားကြီးက ဆင့်ခေါ်သဖြင့် ရုတ်တရက် သွားရောက်ခဲ့ရသော ဦးကျော်ကျော်စိုး သည် ဆရာတော်ဘုရား မိန့်ကြားသော စကားများကို အသံသွင်းယူနိုင်ခြင်း မရှိခဲ့ပါ။ ၄င်းနှင့်အတူ ပါသွားသော မှတ်စုစာအုပ်ဖြင့်သာ မိန့်ကြားချက်များကို မှတ်သားခဲ့ရပါသည်။ ဆရာတော်ဘုရား မိန့်ကြားချက်များနှင့် ပါတ်သက်၍ တစုံတရာ စုံစမ်း မေးမြန်းလိုပါက (ဦးကျော်ကျော်စိုး - jacjapan@yahoogroups.com) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။




source by : http://www.ngunngemoe.net