Wednesday, November 17, 2010

၂၁ ရာစု ပင်လုံညီလာခံ ခေါ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အဖွဲ့ချုပ်ရုံးချုပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဒုတိယ-ပင်လုံညီလာခံ ခေါ်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အဖွဲ့ချုပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနဲ့ ဦးလှဖေတို့ပါဝင်ပြီး တိုင်းရင်းသားတွေဘက် ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-အက်စ်အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ ဇိုမီးအမျိုးသားကွန်ကရက်စ် ဥက္ကဋ္ဌ ပူကျင်ရှင်းထန်၊ စီအာပီပီအဖွဲ့ဝင် ဦးထောင်ကိုထန်း၊ မွန်ဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် နိုင်ငွေသိန်းနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးသာဘန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေး တင်ပြဆွေးနွေးခဲ့တယ်လို့ ဦးတင်ဦးက အခုလို ပြောပြပါတယ်။

“၂၁ရာစု ရောက်လာတဲ့အတွက် ၂၁ရာစုမှာ လူထုဖြစ်ပေါ်မှု တိုးတက်တဲ့ အပေါ်မှာ ပိုမိုပြီးတော့ ဆောင်ရွက်နိုင်မယ့် ကိစ္စအရပ်ရပ်ကို မူတည်ပြီးတော့ တိုင်းရင်းသားတွေ အားလုံး ပိုမိုပြီး စည်းလုံး ညီညွတ်နိုင်အောင် ပိုမိုပြီးတော့ ယုံကြည်မှုရအောင် လုပ်နိုင်ဖို့အတွက် ၂၁ ရာစုနှစ် ပင်လုံညီလာခံပေါ့၊ ခေါ်မယ်ဆိုတဲ့ဟာရဲ့ အကျိုးအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဖက်ကနေပြီးတော့ ဆွေးနွေး တာပါ။

ဆက်လက်ပြီးတော့ လုပ်ရမယ့် ပင်လုံညီလာခံမှာ လူငယ်ပိုင်းတွေအနေနဲ့ ပိုမိုသိရှိပြီးတော့ ပြည်နယ်တိုင်းက ရှိနေတဲ့ ဒီမိုကရေစီအင်အားစုလူငယ်တွေ ကျနော်တို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရှိတဲ့လူငယ်တွေ အားလုံးကလည်းဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည့်ပြည့်ဝဝ သိအောင် ဒါတွေကို ဆွေးနွေးပို့ချ နားလည် အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာကြလုပ်ကြပြီးတော့ သွားမယ်ဆိုတဲ့ အကြောင်း တွေပေါ့လေ။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြဆွေးနွေးချက်တွေကို တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း လက်ခံပြီး ဒုတိယပင်လုံညီလာခံ ခေါ်ယူနိုင်ရေး ဝိုင်း ဝန်းကြိုးပမ်းဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးခဲ့တာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆွေးနွေးနိုင်ဖို့အတွက် လာမယ့် စနေနေ့ အခုလ ၂ဝ ရက်နေ့မှာ ဝါရင့်နိုင်ငံရေးသမား ကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ထပ်မံတွေ့ဆုံကြဖို့ စီစဉ်ထားတယ်လို့လည်း ဦးတင်ဦး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် မှာတော့ မဖြူဖြူသင်း တာဝန်ယူ လုပ်ကိုင်နေတဲ့ အိပ်ခ်ျအိုင်ဗီ လူနာပြုစုစောင့်ရှောက်ရေး ဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

ခင်နှင်းထက်

source by : http://burmese.dvb.no