Saturday, November 20, 2010

ဒုတိယ ပင်လုံအပေါ် ယနေ့ ကျောင်းသားလူငယ်တဦးက ရဲဘော်ဖိုးသံချောင်း ကို မေးမြန်း

ပြည်တွင်းမှ အမည်မဖော်လိုတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ် တဦးနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့ gtalk ပေါ်က အမေးအဖြေ ကို ပြန်လည် တင်ဆက် လိုက်ပါတယ်။

မေး
- အခုပြည်တွင်းမှာ လှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံ ကျင်းပရေး ဆိုတာအပေါ် ဗကပ က ဘယ်လိုမြင်သလဲ သိပါရစေ။

ဖြေ
- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာ မျက်နှာချင်းဆိုင် အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။

န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေ ခေါင်းခေါက်ခေါ်ပြီး သူတို့ပြောသမျှ ခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလို ဆွေးနွေး အဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမယ့် …

မေး
- ဒါပေမယ့် ဆိုတော့ ဆက်ပါဦး။

ဖြေ
- ဒါပေမယ့် ပထမပင်လုံညီလာခံ ကျင်းပတုန်းက အခြေအနေနဲ့ ဒီနေ့ ဒုတိယ ညီလာ ခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေ ဖြစ်ကြပါတယ်။ စစ်တပ်ကို အမိန့်ပေးခွင့်ရနေ သူတွေ ဖြစ်ကြပါတယ်။

ဒီနေ့အခြေအနေက အဲဒါနဲ့ ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာ ရှိပါတယ်။

မေး
- ၁၉၆၁-၂ ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံ စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။

ဖြေ
- အဲဒါက ဦးနု အာဏာရနေတုန်းမှာ ဦးနု သဘောတူမှုနဲ့ လုပ်တာ ဖြစ်ပါတယ်။ “ပင်လုံ ရဲ့နောက်ဆက်တွဲ ဆွေးနွေးပွဲ” လို့ ဆိုရင်တောင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရ အစိုးရလက်ထဲမှာ မရှိတော့ပါဘူး။

အဲဒီတော့ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းက အာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်း ပေးလိုက်သလိုတောင် ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ်ရပ်ကိုပဲ သူ အာဏာသိမ်းရတဲ့ အကြောင်းရင်းလို့ ပြောတာပေါ့။

မေး
- အခုပြောခဲ့တာကို ပြန်ချုပ်ပြပါ။

ဖြေ
- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။ ပြင်ဆင်မှုတွေ အသေအချာ လုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ဖို့ အရေးကြီးတယ် ဆိုတာပါပဲ။

source by : http://www.naytthit.net