Sunday, November 7, 2010

မြဝတီ စစ်ရေး နောက်ဆုံးအခြေအနေ

သန်းထိုက်ဦး | စစ်အစိုးရ တိုင်းမှူးအဆင့် ရှိသူတဦးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ် မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို နိုဝင်ဘာလ ၈ ရက်နေ့ (မနက်ဖြန်)တွင် လာရောက်ဆွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်ထား ကြောင်း သတင်းရရှိသည်။


အဆိုပါ စစ်အစိုးရ တာဝန်ရှိသူက ကရင်ပြည်နယ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို ယနေ့ DKBA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးက ဧရာဝတီသို့ ပြော သည်။

“မြန်မာ စစ်အစိုးရက ကျနော်တို့လိုချင်တဲ့ အရာရာတိုင်း ပေးပါမယ်လို့ ပြောခဲ့တယ်၊ ကျနော်တို့ သူတို့ကို ပြန်ပြီး ပြောချင်တာ ကတော့ ကျနော်တို့ ကရင်ပြည်နယ်ကို ကျနော်တို့ ပြန်လိုချင်တယ်။ ပြီးတော့ ကျနော်တို့ ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ မူဝါဒ ၄ ချက်ကို ဆက်လက် ဆွဲကိုင်သွားမယ်”ဟု ၎င်းက ပြောသည်။

စောဘဦးကြီး၏ မူဝါဒများသည် လက်နက်ကျ စကား အလျဉ် မပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊ ကရင့် ကကြမ္မာ ကရင် ဖန်းတီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း စသည်တို့ ဖြစ်သည်။

မဲဆောက်မြို့ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင် တစ်ဦးက “သူတို့ (DKBA နှင့် နအဖ စစ်ကြောင်းတွေ) တွေ ဘယ်သူက ပထမစပြီး ပစ်မလဲဆိုတာကို စောင့်နေကြတာ။ တစ်ဖက်ကပစ် ရင်တော့ တိုက်ပွဲဖြစ်မှာတော့ သေချာတယ်” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော ၎င်း တပ်ဖွဲ့များနှင့် စစ် အစိုးရ အကြား နှစ်ဘက် တင်းမာခဲ့ကြသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

ဆရာတော် ဦးသုဇနသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးနေပြီး DKBAကို ဦးဆောင်ခဲ့သူ အဖြစ်ထင်ရှား သည်။ DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

source by : http://www.irrawaddyblog.com