Saturday, November 13, 2010

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

40017

၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို တက်ရောက်လာကြသူ များပြား

၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ တနင်္ဂနွေ နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပရိတ်သတ် အနည်းဆုံး ၄ သောင်းရှိမယ်လို့ ရန်ကုန်က မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားသည်။




19 နာရီ 44 မိနစ် - မြန်မာစံတော်ချိန်

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။

ကျနော်တို့ဘက်က ဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့ အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေးကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သော်လည်းကောင်း၊ အပစ်အခတ်ရပ်စဲခြင်း မရှိသေးတဲ့ အဖွဲ့တွေနဲ့သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး…

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရအသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင်ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။

17 နာရီ 05 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ရုံးချုပ်ရှေ့ ဒီကနေ့ ဟောပြောပွဲကို ရောက်ခဲ့သူ ၃ ယောက်က သူတို့ ခံစားချက်တွေကို ရင်ဖွင့်ထားပါတယ်။

အပျော်ဆုံးနေ့


(ဦးအောင်ဖေ၊ တွံတေးမြို့ကျုရှင်ဆရာ)


“ပြောရရင်တော့ အပျော်ဆုံးနေ့ပဲ။ ကျနော် ၁ဝ တန်း ကျောင်းသားသာဆိုရင် အပျော်ဆုံးနေ့ဆိုတဲ့ စာစီစာကုန်း ရေးခိုင်းရင် ဒီနေ့ကို ကျနော်ရေးမှာ။ မနေ့တုန်းက ဒေါ်စုခြံရှေ့မှာ လူထုကို ထိန်းတော့၊ အသံတိတ်ဖို့ ရှူးရှူးလုပ်တော့ လူတွေက မတိတ်ကြဘူးဗျာ။ ဒေါ်စုက သူ့လက်ကလေးခါပြီး ရှူးရှူး လုပ်လိုက်တော့ အားလုံးက မီးခဲကို ရေနဲ့ ဖြန်းလိုက်သလိုပဲ အကုန်လုံး ငြိမ်သွားတယ်။ အရမ်းပီတိဖြစ်သွားတာ။ နိုင်ငံရေးဆိုတာ အဲဒါပဲလို့ ပိုပြီးတော့ နားလည်သွားတယ်”

ပြောမပြနိုင်လောက်အောင် ဝမ်းမြောက်

(သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဓမ္မဝံသ)


“ဦးဇင်းတို့အနေနဲ့ ဝမ်းမြောက်ပါတယ်။ ဘယ်လောက်ထိ ဝမ်းမြောက်လဲဆိုရင် ပြောမပြနိုင်လောက်တဲ့ အနေအထားမျိုးကို ဝမ်းမြောက်ပါတယ်။ ဒေါ်စုလွတ်လာတော့ ဘယ်လိုခံစားလဲဆိုရင် လေးလေးနက်နက် ခံစားရတယ်။ လူထုက ဒေါ်စုကို ထောက်ခံပါတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတယ်”


ပြည်သူ့ခေါင်းဆောင်


(ရန်ကုန်မြို့ခံတဦး)


“ဒီနေ့က အင်မတန်မှ လူသမုဒ္ဒရာကြီးလို့ ပြောရမှာပေါ့ဗျာ။ ပြည်သူတွေရဲ့ ဆန္ဒဟာ မဲမပေးရဘဲနဲ့ ရင်ထဲမှာ ဘာဆန္ဒ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတာပေါ့ဗျာ။ ပြည်သူချစ်တဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုတာ ဒီခေါင်းဆောင်မျိုးပဲ ဆိုတာကိုလည်း ရင်ထဲမှာ တကယ်ခံစားရပါတယ်ဗျာ”

16 နာရီ 45 မိနစ် - မြန်မာစံတော်ချိန်

NLD က နိုင်ငံရေး ဆက်လုပ်မယ်လို့ ဒေါ်စု ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ နိုင်ငံရေးလုပ်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်လို့ နိုင်ငံရေးပဲ ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တချို့နဲ့ သတင်းထောက် အယောက် ၂ဝ လောက်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံပြောဆိုခဲ့ပါတယ်။ ရန်ကုန် NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “NLD ဟာ NGO (အစိုးရမဟုတ်သောအဖွဲ့) လုပ်မှာလား” ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြန်ဖြေခဲ့တာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

NLD ထဲက ခေါင်းဆောင်တချို့ဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲ ဝင်ခဲ့တာကြောင့် NDF ကို ဘယ်လိုသဘောထားလဲဆိုတဲ့ အမေးကိုတော့ သူက “ကြံ့ခိုင်ရေးပါတီ အပါအဝင်၊ ပါတီတွေထဲက ပါတီတခုလို့ပဲ သဘောထားပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီမှာ ဗဟန်းမြို့နယ်ထဲက ပါတီရုံးချုပ်မှာ လူထု ၄ သောင်းလောက်ကို မိန့်ခွန်းပြောခဲ့ရာမှာ “ ဇွဲရှိဖို့ တယောက်နဲ့တယောက် ညှာတာထောက်ထားဖို့၊ တယောက်နဲ့တယောက် စာနာစိတ်ထားဖို့ အဓိကထား ပြောသွားတယ်’’ လို့ NLD လူငယ် ကိုရာဇာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ နေအိမ်မှာ အင်တာနက်နဲ့ တယ်လီဖုန်း သုံးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး၊ မနက်ဖြန်မှာ ရုံးတက်ဖို့ စီစဉ်ထားပါတယ်။ ရုံးကိုလာတဲ့ ပရိသတ်များရင်တော့ ဟောပြောပွဲလည်း လုပ်သွားမှာပါ။

15 နာရီ 53 မိနစ် - မြန်မာစံတော်ချိန်



13 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ ပြီးဆုံး


12 နာရီ 58 မိနစ် - မြန်မာစံတော်ချိန်

တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး

ကျမ လုပ်ဖော် ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော် ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန် လွတ်လာပါစေလို့။

12 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်

မိန့်ခွန်း ကောက်နုတ်ချက် ...

“သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

12 နာရီ 33 မိနစ် - မြန်မာစံတော်ချိန်

တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး

၇ နှစ်အကြာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နေအိမ်အပြင်ဘက်ထွက် လူထုစကားပြောမှုကို လာရောက်နားထောင်သူဟာ အနည်းဆုံး ၄ သောင်းကျော်မယ်လို့ သွားရောက် နားထောင်နေတဲ့ မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။

လူအုပ်ကြီးက “တိုးပေါက်လို့မလွယ်အောင် ပြည့်ညှပ်ကြပ်နေတယ်” လို့ သတင်းထောက် တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ မိန်းခွန်းထဲက ကောက်နှုတ်ချက်တချို့ကို ထပ်မံတင်ပြရရင်

“လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

“ ပြည်သူ့လုပ်အားတဲ့ အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”

12 နာရီ 24 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အန်အယ်ဒီရုံးချုပ် လူထုမိန့်ခွန်းဟောပြောမှု ပြုလုပ်နေပါတယ်။

သူမဟောပြောတဲ့အထဲက ကောက်နှုတ်ချက်တချို့ကို တင်ပြရရင် “ ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့ အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်”

11 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် ၁၂ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်

တားမြစ် ကန့်သတ်ချက်တွေ မပါဘဲ နေအိမ်အချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မွန်းတည့် ၁၂ နာရီ မှာ လူထုမိန့်ခွန်း ဟောပြောမှုကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဟောပြောမှု ပြီးသွားတဲ့နောက် မွန်းလွဲ ၂ နာရီမှာ ပါတီ အတွင်းရေးမှူး ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေးရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်မှာလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ မနက် ၁ဝ နာရီခွဲမှာ ထွက်မှာဖြစ်ပြီး ဟောပြောမှု မတိုင်ခင် ရွှေဂုံတိုင်လမ်း ရုံးချုပ်မှာ နိုင်ငံခြား သံတမန်များနဲ့ တွေ့ဆုံမှု လုပ်မှာဖြစ်ပါတယ်။

သူမကိုတွေ့ဖို့ ရုံးချုပ်မှာ လာစောင့်နေသူကတော့ အခုကိုပဲ ၂ဝဝ ကျော်သွားပြီလို့ ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောပါတယ်။


source by : http://www.mizzimaburmese.com