Sunday, October 11, 2009

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

Saturday, 10 October 2009 12:06 ဗထူး

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။

မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သည်များ။
(Photo: www.mongloi.org)


“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။

ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။

“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။

ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။

မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။